K pop

■ ဂီတတီးရင်း ငိုခဲ့ရတဲ့အကြောင်းတွေ Rosé ပြောပြတဲ့အခါ …

– – – YG မှာ သင်တန်းသူဘဝတုန်းက Rosé ရဲ့အကြောင်းလေးက ရင်ဘတ်ကို နာကျင်စေပါလိမ့်မယ်။

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ BLACKPINK အဖွဲ့ရဲ့ In Your Area World Tour ကို ကျင်းပခဲ့တုန်းက သူမရဲ့မြို့လေးကို ပြန်လာရလို့ Rosé တစ်ယောက် အရမ်းကို ပျော်နေခဲ့တာကို ပရိသတ်တွေ သိပြီးဖြစ်မှာပါ။ အဲဒီမှာ Rosé ရဲ့ Solo Stage က အမှတ်စရာဖြစ်ခဲ့ပြီး သူမရဲ့ Coming Home Cover ကို ပရိသတ် ချစ်နှစ်သက်ခဲ့ကြပါတယ်။

အဲဒီမှာ Rosé က သင်တန်းသူဘဝက အကြောင်းကို ပြောပြခဲ့ပါတယ်။ အဲဒီတုန်းက YG Entertainment မှာ ပွဲထွက်နိုင်ဖို့အတွက် Rosé အပါအဝင် BLACKPINK အဖွဲ့ဝင်တွေဟာ အပတ်စဉ်စစ်ဆေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီစစ်ဆေးမှုတွေမှာ Rosé က ဂစ်တာလေးတစ်လက်ကို ကိုင်ရင်း သီချင်းတွေသီဆိုရင်း စစ်ဆေးခံခဲ့တာပါ။

Rosé ဟာ စစ်ဆေးမှုတွေမှာ Coming Home သီချင်းကို သီဆိုခဲ့ပြီး ဂစ်တာတီးရင်း သီချင်းကို ဈာန်ဝင်စားပြီး သီဆိုချိန်မှာ မျက်ရည်တွေက အလိုလိုကြွေကျလာတတ်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဘာကြောင့် မျက်ရည်ကျရတယ်ဆိုတာ နားမလည်ခဲ့ဘူးလို့ Rosé က ဆိုပါတယ်။

Rosé အဲဒီတုန်းက နားမလည်ခဲ့ဘူးဆိုပေမယ့် သူမ မျက်ရည်ကျခဲ့တာဟာ အိမ်ကို လွမ်းလို့ ဖြစ်ပါတယ်။ Rosé ဟာ မိသားစုထဲမှာ အငယ်ဆုံးသမီးလေးဖြစ်ပြီး အိမ်ကို ဘယ်လောက်တောင် လွမ်းနေရှာမလဲဆိုတာ တွေးကြည့်လို့ ရပါတယ်။

Rosé ရဲ့ စကားတွေကိုကြားတဲ့အခါမှာတော့ Lisa က Rosé နားကပ်ကာ Rosé ပခုံးဖက်ရင်း လက်လေးနဲ့ ပွတ်သပ်ပြီး နှစ်သိမ့်ပေးခဲ့ပါတယ်။

— ဃဲ
Ref: Koreaboo

You cannot copy content of this page