K pop

■ BLACKPINK အဖွဲ့ကို တောင်းပန်ဖို့ Asian Artist Awards ကို ပရိသတ်များ တောင်းဆို

— – – သူတို့ရဲ့ မှားယွင်းမှုက BLACKPINK ရဲ့ ကြိုးစားမှုနဲ့ အောင်မြင်မှုကို မလေးစားရာ ရောက်နေတာတော့ အမှန်ပါပဲ …

၂၀၂၀ ခုနှစ်အတွင်း Album Sales တွေမှာရော၊ Digital Sales အပြင် You Tube နဲ့ အချက်အလက်ဆိုင်ရာ အားလုံးမှာ BLACKPINK အဖွဲ့ဟာ တခြား K-Pop အမျိုးသမီးအဖွဲ့တွေထက် ခေါင်းတစ်လုံးမက ပိုမြင့်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ BLACKPINK အဖွဲ့ဟာ ကိုရီးယားနှစ်ကုန်ဆုပေးပွဲတွေဖြစ်တဲ့ အသိအမှတ်ပြုခြင်း မခံခဲ့ရပါဘူး။ အချက်အလက်တွေနဲ့ ရွေးချယ်ပါတယ်ဆိုတဲ့ 2020 APAN Music Awards မှာ Top Ten တောင် မဝင်ခဲ့သလို၊ 2020 Asian Artist Awards မှာလည်း ဘာဆုမှ မရခဲ့ပါဘူး။

 

ဒါ့အပြင် 2020 Asian Artist Awards မှာ BLACKPINK အဖွဲ့ဟာ စော်ကားခံခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၂၀ မှာ BLACKPINK အဖွဲ့ရဲ့ THE ALBUM ဟာ အမျိုးသမီး K-Pop အဖွဲ့တွေထဲမှာ ရောင်းအကောင်းဆုံးဖြစ်ခဲ့ရုံသာမက K-Pop အမျိုးသမီးအဖွဲ့ တစ်လျှောက် Album အချပ်ရေ (၁) သန်းကျော် ရောင်းရတဲ့ ပထမဆုံးအဖွဲ့ဖြစ်လာခဲ့တာပါ။

ဒါပေမဲ့ 2020 Asian Artist Awards ကတော့ “IZ*ONE အဖွဲ့ဟာ ပထမဆုံးတစ်ပတ်အတွင်း Album အရောင်းရဆုံး အမျိုးသမီးအဖွဲ့ စံချိန်တင်ခဲ့တယ်”ဆိုပြီး ဖော်ပြခဲ့တာပါ။

အမှန်က ပထမတစ်ပတ်အတွင်း Album Sales မှာ IZ*ONE အဖွဲ့ရဲ့ Oneiric Diary Album က အချပ်ရေ (389,334) သာ ရောင်းချခဲ့ရတာဖြစ်ပြီး BLACKPINK အဖွဲ့ရဲ့ THE ALBUM က အချပ်ရေ (689,066) အထိ ရောင်းချခဲ့ကာ IZ*ONE ရဲ့ Oneiric Diary ထက် နှစ်ဆနီးပါး ရှိခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေက အဲဒီအချက်ကို ဒေါသထွက်ခဲ့ကြတာဖြစ်ပြီး ဆုမရတာက ကိစ္စမဟုတ်ပေမဲ့ အခုလို လူသိရှင်ကြား ဆုပေးပွဲတစ်ခုမှာ မှားယွင်းတဲ့အချက်အလက်တွေနဲ့ BLACKPINK အဖွဲ့ကို စော်ကားတာကို လက်ခံနိုင်စရာ မရှိဘူးလို့ ဆိုခဲ့ကြတာပါ။

ဒါကြောင့် ပရိသတ်တွေဟာ လူမှုကွန်ရက်တွေမှာ အချက်အလက်အမှန်တွေကို တင်ခဲ့ကြပြီး BLACKPINK အဖွဲ့ကို တောင်းပန်ဖို့ Asian Artist Awards ကို တောင်းဆိုခဲ့ကြပြီး Twitter မှာ #AAA_ApologizeToBLACKPINK ဆိုတဲ့ Hashtag က Trend ဖြစ်ခဲ့ပါတယ်။

BLACKPINK အဖွဲ့ဟာ ပွဲထွက်ကတည်းက စံချိန်ပေါင်းတင်ခဲ့၊ ရိုက်ချိုးခဲ့ပေမဲ့ အခုလို အဖြစ်အပျက်မျိုးတွေ အမြဲတမ်းနီးပါး ကြုံတွေ့နေရပြီး ဒီနှစ်မှာတော့ အဆိုးဆုံးဖြစ်ပါတယ်။ သူတို့အနေနဲ့ ပရိသတ်တွေ မျှော်မှန်းမှုကို ကျော်လွန်အောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ အသိအမှတ်ခြင်းမခံရတော့ ဆိုးတယ်လို့လည်း ပရိသတ်တွေက ဆိုခဲ့ကြပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page