– – -Jung Joonyoung ရဲ့ Group Chat ထဲက မက်ဆေ့ချ်တွေနဲ့ ပတ်သက်ပြီး Seungri က ခုခံကာကွယ်ခဲ့ပြီး ….
ဇွန်လ (၃၀) ရက်နေ့ နံနက်ပိုင်းမှာ Seungri ဟာROK Army’s Yongin အခြေစိုက်စခန်းမှာ ပြုလုပ်တဲ့ Burning Sun အမှု ကြားနားပွဲကို တက်ရောက်ခဲ့ပါတယ်။
အဲဒီကြားနားပွဲမှာ Seungri ဟာ Jung Joonyoung ရဲ့ Kakao Talk Group Chat ထဲက ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး သူ့ကိုယ်သူ ကာကွယ်ချေဖျက်သွားခဲ့ပါတယ်။ အဲဒီ Group Chat ထဲမှာ တရားမဝင်ပြည့်တန်ဆာတွေအကြောင်း ပြောဆိုထားတဲ့ သက်သေအထောက်အတွေ့ တွေ့ရှိမှုနဲ့ပတ်သက်ပြီး Seungri ဟာ အမေးခံခဲ့ရပါတယ်။
ဒီအခါမှာ Seungri က ဒီလို Group Chat ထဲက မက်ဆေ့ချ်တွေဟာ သူ့ဘဝအတွက် အရာရာမဟုတ်ကြောင်း၊ သူ့မှာ Group Chat များစွာရှိပြီး တခြားအသုံးပြုနေတဲ့ SNS messenger app (၅) ခုခန့်လည်းရှိကြောင်း၊ ဖုန်းနဲ့ ဝေးနေတဲ့အချိန်တွေမှာတောင် မဖတ်ရတဲ့ မက်ဆေ့ချ် (၅၀၀) ခန့်ရှိနေကြောင်း၊ ဒါကြောင့် Group Chat ထဲမှာ ပို့ထားတဲ့ မက်ဆေ့ချ်တွေအားလုံးဟာ သူဖတ်ပြီးသားလို့ မဆိုလိုနိုင်ကြောင်း ဖြေရှင်းခဲ့ပါတယ်။
ဂျပန်နိုင်ငံဖောက်သည်တွေကို ခေါ်ဆောင်ခြင်းနဲ့ ပတ်သက်ပြီးလည်း Seungri က ချေဖျက်ခဲ့ပါတယ်။ “ခရစ္စမတ်ပါတီမှာ ကမ္ဘာတစ်ဝှမ်းက မိတ်ဆွေတွေကို ကျွန်တော် ဖိတ်ကြားခဲ့ပါတယ်။ သူတို့ကလည်း သူတု့ိရဲ့ မိတ်ဆွေတွေကို ထပ်ခေါ်လာခဲ့ကြတယ်။ ကိုရီးယားမှာ သူတို့ရဲ့မိတ်ဆွေက ကျွန်တော်တစ်ယောက်တည်းရှိတာ မဟုတ်ပါဘူး။ တခြား Group Chat ထဲမှာဆိုလည်း ဗီယက်နမ်၊ တရုတ်၊ မလေးရှား စတဲ့နိုင်ငံက မိတ်ဆွေတွေအကြောင်း ပြောတာတွေရှိပါတယ်”လို့ Seungri က ဆိုခဲ့ပါတယ်။
အဲဒီပါတီမှာ သူ့ရဲ့မိတ်ဆွေတွေကို ဂရုစိုက်ရတာနဲ့ အလုပ်ရှုပ်နေတဲ့အတွက် တခြားသူတွေ မိန်းကလေးတွေခေါ်တာကို စုံစမ်းမှုပြုလုပ်စဉ်မှာမှ သိရှိခဲ့ရကြောင်း Seungri က ဖြေရှင်းခဲ့ပါတယ်။
ဆက်လက်ပြီး Seungri က Kakao group chat က ဘဝအတွက်အရာရာမဟုတ်ကြောင်း၊ ရင်းနှီးတဲ့ အသိမိတ်ဆွေတွေသာရှိတဲ့ Group Chat ဖြစ်လို့ ညစ်ညစ်ပတ်ပတ်တွေတော့ ပြောဖြစ်ခဲ့ကြကြောင်း၊ ဒီအတွက်သာ တောင်းပန်လိုစိတ်ဖြစ်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။
Seungri ဟာ ကင်မရာများ တရားမဝင်အသုံးပြုမှု၊နိုင်ငံခြားငွေလဲလှယ်မှုဆိုင်ရာ ဥပဒေချိုးဖောက်မှု၊ လိင်ပိုင်ဆိုင်ရာ စော်ကားမှုအပါအဝင် စွဲချက် (၈) ခုနဲ့ တရားစွဲခံထားရတာ ဖြစ်ပါတယ်။
-Ref: Koreaboo