K pop

■ Kris Wu နဲ့ Du Meizhu အမှုမှာ သံသယရှိသူတစ်ဦးကို တရုတ်ရဲများ ဖမ်းဆီးထိန်းသိမ်း

— – – Kris Wu နဲ့ Du Meizhu အမှုမှာ ကြားကနေ ဝင်ရှိုသူ …

နာမည်ကျော် တရုတ်-ကနေဒါ အဆိုတော်၊ မင်းသား Kris Wu အပေါ် စွပ်စွဲမှုတွေကို တရုတ်ရဲတွေ စုံစမ်းစစ်ဆေးနေရာမှာတော့ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာပြီး အခု Kris Wu နဲ့ Du Meizhu အမှုမှာ သံသယရှိသူတစ်ဦးကို တရုတ်ရဲတွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီလို့ သိရပါတယ်။

Kris Wu နဲ့ Du Meizhu အမှုမှာ Liu လို့ အမည်ရတဲ့ အသက် (၂၃)နှစ်အရွယ် အမျိုးသားတစ်ဦးက Kris Wu ရဲ့ မိခင်ဖြစ်သူဆီကနေ ငွေညစ်ခဲ့တာကြောင့် သူ့ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တရုတ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ရဲ့ ထုတ်ပြန်ချက်အပြည့်အစုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

“၂၀၂၁ ဇူလိုင် (၁၄)ရက်မှာ Kris Wu ရဲ့ မိခင်ဖြစ်သူက သူမအနေနဲ့ Du Meizhu ရဲ့ ငွေညစ်ခြင်းကို ခံရတယ်လို့ Chaoyang ရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။ အဲဒီနေ့မှာ တိုင်ကြားချက်ကို လက်ခံရရှိတဲ့ ရဲတွေဟာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီစစ်ဆေးမှုအရ ဇူလိုင် (၁၈)ရက်မှာ သံသယရှိတဲ့ အသက် (၂၃)နှစ်အရွယ် Liu ဆိုတဲ့ အမျိုးသားတစ်ဦးကို Jiangsu က Nantong မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ၂၀၂၁ ဇွန်လမှာ Liu ဟာ Kris Wu နဲ့ Du Meizhu တို့အကြောင်းကို အွန်လိုင်းမှာ မြင်တွေ့ခဲ့ပြီး နှစ်ဖက်စလုံးဆီက ငွေညစ်ဖို့ အကြံစရခဲ့ပါတယ်။

ဒါကြောင့် Liu ဟာ အွန်လိုင်းမှာ အမျိုးသမီးအယောင်ဆောင်ပြီး Kris Wu ရဲ့လိမ်လည်ခြင်း ခံရတယ်ဆိုကာ Du Meizhu ရဲ့ ယုံကြည်မှုကို ရယူဖို့ ကြိုးစားခဲ့ပါတယ်။ သူက DDX အမည်ကိုသုံးပြီး Kris Wu နဲ့ Du Meizhu တို့ရဲ့ ဆက်ဆံရေးကို သိရဖို့ Du Meizhu ဆီက သတင်းတွေ နှိုက်ယူခဲ့ပါတယ်။

ဇူလိုင် (၁၀)ရက်မှာတော့ Liu ဟာ Du Meizhu အဖြစ် ပို့စ်တင်ပြီး Kris Wu ရဲ့ မန်နေဂျာကို ကျေအေးမှုအတွက် 3,000,000 CNY ($463,640 USD) ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူက Du Meizhu ရဲ့ ဘဏ်အကောင့်ကို Kris Wu ရဲ့ မန်နေဂျာဆီ ပေးခဲ့တာပါ။ တစ်ချိန်တည်းမှာပဲ Liu ဟာ Beijing Fan Shi Culture & Media ဆိုတဲ့ အမည်နဲ့ Wechat account တစ်ခုဖွင့်ကာ Kris Wu ဟာ Du Meizhu ကို ကျေအေးဖို့အတွက် 3,000,000 CNY($463,640 USD) ပေးခဲ့တယ်ဆိုပြီး တင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျေအေးမှုမှာ နှစ်ဖက်စလုံး လက်မှတ်ထိုးခြင်းတော့ မရှိပါဘူး။

ဇူလိုင် (၁၁)ရက်မှာ Kris Wu ရဲ့ မိခင်က 500,000 CNY ($77,275 USD) ကို Du Meizhu တစ်ဝက်ခွဲပြီး ပေးပို့ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ပိုက်ဆံထပ်မရတော့ Liu ဟာ Du Meizhu အဖြစ် ပို့တွေ ဆက်တင်ပြီး Kris Wu ရဲ့ မန်နေဂျာဆီကို 2,500,000 CNY ($386,375 USD) ပို့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ Kris Wu ရဲ့ မန်နေဂျာက Du Meizhu ကို ကျေးအေးမှုမှာ လက်မှတ်ထိုးမလား ဒါမှမဟုတ် 500,000 CNY($77,275 USD) ပြန်ပေးမလားဆိုပြီး တောင်းဆိုခဲ့ပါတယ်။ Du Meizhu က ပိုက်ဆံပြန်ပေးဖို့ သဘောတူခဲ့ပြီး Liu ဟာ Kris Wu ရဲ့မန်နေဂျာအဖြစ် ဟန်ဆောင်ခဲ့ပေမဲ့ ပိုက်ဆံကိုတော့ သူ့ကိုယ်ပိုင် Alipay bank အကောင့်ပေးခဲ့ကာ Du Meizhu က အဲဒီအကောင့် 180,000 CNY ($27,818 USD) လွဲပေးခဲ့ပါတယ်။

Liu ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက်မှာတော့ သူက Kris Wu နဲ့ Du Meizhu အမှုမှာ နှစ်ဖက်စလုံးကို ငွေညစ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ လက်ရှိမှာ Liu ကို Chaoyang ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်”လို့ တရုတ်ရဲတွေက ထုတ်ပြန်ချက်မှာ ရှင်းပြခဲ့ပါတယ်။

လက်ရှိမှာတော့ Kris Wu အပေါ် စွပ်စွဲချက်တွေကို တရုတ်ရဲတွေက ဆက်လက်စုံးစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ဘာတွေ ဆက်ဖြစ်လာမယ်ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Source: Weibo

You cannot copy content of this page