K pop

■ Kris Wu ရဲ့ အမှုအကြောင်း တစ်စေ့တစ်စောင်း

— – – လက်ရှိမှာ တရုတ်ရဲတွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရတဲ့ Kris Wu ရဲ့ အမှုဇာတ်လမ်းအပြည့်အစုံကတော့ …

■ ကောလိပ်ကျောင်းသူလေးကို တွဲပြီး စိတ်ကျစေခဲ့တယ်လို့ Kris Wu စွပ်စွဲခံနေရ

ဇွန်လ (၂)ရက်မှာ Du Meizhu လို့အမည်ရတဲ့ အသက် (၁၈)နှစ်အရွယ် ကောလိပ်ကျောင်းသူလေးရဲ့ သူငယ်ချင်းက Kris နဲ့ Du Meizhu တို့ရဲ့ ဇာတ်လမ်းကို Weibo မှာ ဖွင့်ချခဲ့တာပါ။ “Du Meizhu က Kris ရဲ့ တွဲနေတာကို Kris ရဲ့ ဘဝကို ထိခိုက်မှာစိုးလို့ဆိုပြီး ဘယ်သူ့ကိုမှ မပြောပါဘူး။ ကျွန်မကိုပဲ ပြောတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဧပြီလမှာတော့ Kris ဟာ ဘာမပြော ညာမပြောဘဲ ပျောက်သွားခဲ့ပြီး အခုထိ ဆက်သွယ်လို့ မရခဲ့သေးပါဘူး။ အဲဒီကတည်းက Du Meizhu ဟာ စိတ်ကျရောဂါကို ခံစားခဲ့ရတာဖြစ်ပြီး အခု ကျောင်းသွားဖို့တောင် စိတ်မရှိတော့ဘူး”

■ Kris Wu တစ်ပတ်အတွင်း ကောင်မလေး(၃)ယောက်နဲ့ တွဲခဲ့တယ်လို့ သတင်းထွက်

အဆိုတော်၊ မင်းသား Kris Wu ဟာ တစ်ပတ်အတွင်း ကောင်မလေး (၃)ယောက်နဲ့ တွဲခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပြီး တရုတ်မီဒီယာတွေရဲ့ စာမျက်နှာ ရေပန်းစားနေပါတယ်။ Kris ရဲ့ Dating သတင်းတွေက မေလ (၂၈)ရက်က စပါတယ်။ CCTV မှာ Kris နဲ့ ကောင်မလေးတစ်ယောက် ရုပ်ရှင်သွားတဲ့ပုံတွေ ထွက်ပေါ်လာခဲ့ရာက စတာဖြစ်ပြီး အဲဒီမိန်းကလေးက အင်တာနက် Celeb ဖြစ်တဲ့ Chen Ziyi (၁၈ နှစ်)ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီသတင်းကို Kris ဘက်က သူငယ်ချင်းတွေနဲ့ သွားတာလို့ တုံ့ပြန်ခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ Du Meizhu ဆိုတဲ့ ကောင်မလေးပါ။ အသက် (၁၈)နှစ်သာ ရှိတဲ့ Du Meizhu ရဲ့ သူငယ်ချင်းက Kris ဟာ Du Meizhu နဲ့တွဲပြီး မပြောမဆိုပျောက်သွားခဲ့လို့ Du Meizhu တစ်ယောက် စိတ်ကျရောဂါတွေ ခံစားနေတယ်လို့ Weibo မှာ ရေးခဲ့ပြီး Du Meizhu နဲ့ Kris တို့ Message ပါဆိုပြီး Screenshot တွေကို တင်ခဲ့တာပါ။ တတိယတစ်ယောက်ကတော့ အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ Xiang Yunjie ဆိုသူပါ။ တရုတ်ပရိသတ်တွေဟာ Kris ဟာ Xiang Yunjie နဲ့ တွေ့နေတယ်လို့ ဆိုခဲ့ကြပေမဲ့ Xiang Yunjie ကတော့ သူဟာ Single ဖြစ်ကြောင်း အစက ငြင်းဆိုခဲ့ပါတယ်။

■ Kris Wu အပေါ် Du Meizhu ရဲ့ စွပ်စွဲမှု

အသက် (၁၉)နှစ်အရွယ် Du Meizhu ဆိုတဲ့ ကောင်မလေးက EXO အဖွဲ့ဝင်ဟောင်း Kris Wu ဟာ သူအပါအဝင် မိန်းကလေး (၃၀)ထံက ကာမလိမ်လည်ရယူခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ သိပ်မကြာခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Du Meizhu က Kris Wu ဟာ သူအပါအဝင် မိန်းကလေး (၃၀) ဦးထက်မနည်းဆီက ကာမလိမ်လည်ရယူခဲ့ပြီး အဲဒီ အသက်မပြည့်သေးဘဲ ကောင်မလေးတွေတောင် ပါဝင်နေတယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာလည်း Du Meizhu က Kris Wu အနေနဲ့ ဘယ်လိုလုပ်ခဲ့တယ်ဆိုတာကိုလည်း Twitter တင်ခဲ့ပြီး လက်ရှိမှာ တခြားခံရတဲ့ မိန်းကလေးတွေဆီက သက်သေအထောက်အထားတွေစုဆောင်းနေကာ ရဲတပ်ဖွဲ့လက်ထဲ အပ်မယ်လို့လည်း ဆိုခဲ့ပါတယ်။

■ Kris Wu နဲ့ Du Meizhu တို့ရဲ့ အမူအပေါ် တရုတ်ရဲတွေရဲ့ ထုတ်ပြန်ချက်

“၂၀၂၀ ဒီဇင်ဘာ (၅)ရက်နေ့၊ ည (၁၀) နာရီမှာ Kris Wu (၃၀ နှစ်)ရဲ့ အရင်တုန်းက မန်နေဂျာဖြစ်သူ Feng (၂၈ နှစ်)ဟာ Music Video ရိုက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ Du Meizhu (၁၈ နှစ်)ကို Kris Wu ရဲ့အိမ်ကို ဖိတ်ကြားခဲ့ပါတယ်။ Kris Wu ရဲ့အိမ်မှာ လူ(၁၀)ယောက်လောက်ဟာ ဂိမ်းစ်တွေ ကစားပြီး အဲဒီညမှာ သောက်စားခဲ့ကြပါတယ်။ သူတို့ဟာ နောက်နေ့ နံနက် (၇)နာရီလောက်အထိ သောက်စားခဲ့ကြတာဖြစ်ပြီး တခြားလူတွေဟာ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာခဲ့ကြပါတယ်။ စားသောက်ပြီးတဲ့အချိန်မှာတော့ Du Meizhu ဟာ Kris Wu ရဲ့ အိမ်မှာ နေခဲ့ပြီး သူတို့ဟာ အတူတူအိပ်ခဲ့ကြပါတယ်(ဟဝှာ လုပ်ခဲ့ကြတယ်ပေါ့)။ နောက်နေ့ နေ့လယ်မှာတော့ Du Meizhu ဟာ Kris Wu ရဲ့ အိပ်မှာ နေ့လယ်စာစားခဲ့ပြီး အဲဒီနောက်မှာတော့ သူတို့ဟာ We Chat မှာ Add ခဲ့ကြတာပါ။ ဒီဇင်ဘာ (၈) ရက်မှာတော့ Kris Wu က Du Meizhu ကို အွန်လိုင်း Shopping လုပ်ဖို့ဆိုပြီး 32,000 CNY ($4946 USD) လွဲှပေးခဲ့ပါတယ်။ အဲဒီကတည်းက သူတို့ဟာ ၂၀၂၁ ဧပြီလအထိ We Chat မှာ အဆက်အသွယ်ရှိခဲ့ကြတာပါ”

“၂၀၂၁ ဇွန်လမှာ Du Meizhu နဲ့ သူမရဲ့ အချစ်ဆုံးသူငယ်ချင်း Liu (၁၉ နှစ်)တို့ဟာ Kris Wu နဲ့ Du Meizhu တို့ရဲ့ ဆက်ဆံရေးကို တိုင်ပင်ပြီး အွန်လိုင်းမှာ စတင်ခဲ့ပါတယ်။ အဓိကကတော့ အွန်လိုင်းမှာ နာမည်ကျော်ချင်တာကြောင့်ပါ။ ဇွန်လ (၂)ရက်မှာ Liu က “Liu Meili” ဆိုတဲ့ Weibo account အကောင့်ကို သုံးပြီး Kris Wu ကြောင့် Du Meizhu ဟာ စိတ်ပိုင်းဆိုင်ရာ ရောဂါခံစားနေရကြောင်း စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဇူလိုင်လ (၈)ရက်ကနေ (၁၁)ရက်အတွင်း Du Meizhu က ပို့စ် (၃)ခု ဆက်တင်ခဲ့ပါတယ်။ ဇူလိုင်လ (၁၃)ရက်မှာတော့ အွန်လိုင်းစာရေးဆရာတစ်ယောက်ဖြစ်တဲ့ Xu (အသက် ၁၉ နှစ်အရွယ် အမျိုးသား)က ဒီကိစ္စကနေ အမြတ်ရမယ်လို့ တွေးပြီး Du Meizhu ကို ဆက်သွယ်ကာ Weibo မှာ ပို့စ် (၁၀)ခု တင်ခဲ့ပါတယ်။ အဲဒီထဲမှာ နောက်ဆုံးတိုက်ပွဲဆိုတဲ့ ပို့စ်လည်း တစ်ခုအပါအဝင်ပေါ့။ ဇူလိုင်လ (၁၆)ရက်မှာတော့ Du Meizhu က Xu ရဲ့ပို့စ်တွေကို ဆက်တိုက် တင်ခဲ့တာပါ”

“၂၀၂၁ ဇူလိုင် (၁၄)ရက်မှာ Kris Wu ရဲ့ မိခင်ဖြစ်သူက သူမအနေနဲ့ Du Meizhu ရဲ့ ငွေညစ်ခြင်းကို ခံရတယ်လို့ Chaoyang ရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။ အဲဒီနေ့မှာ တိုင်ကြားချက်ကို လက်ခံရရှိတဲ့ ရဲတွေဟာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီစစ်ဆေးမှုအရ ဇူလိုင် (၁၈)ရက်မှာ သံသယရှိတဲ့ အသက် (၂၃)နှစ်အရွယ် Liu ဆိုတဲ့ အမျိုးသားတစ်ဦးကို Jiangsu က Nantong မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ၂၀၂၁ ဇွန်လမှာ Liu ဟာ Kris Wu နဲ့ Du Meizhu တို့အကြောင်းကို အွန်လိုင်းမှာ မြင်တွေ့ခဲ့ပြီး နှစ်ဖက်စလုံးဆီက ငွေညစ်ဖို့ အကြံစရခဲ့ပါတယ်။ ဒါကြောင့် Liu ဟာ အွန်လိုင်းမှာ အမျိုးသမီးအယောင်ဆောင်ပြီး Kris Wu ရဲ့လိမ်လည်ခြင်း ခံရတယ်ဆိုကာ Du Meizhu ရဲ့ ယုံကြည်မှုကို ရယူဖို့ ကြိုးစားခဲ့ပါတယ်။ သူက DDX အမည်ကိုသုံးပြီး Kris Wu နဲ့ Du Meizhu တို့ရဲ့ ဆက်ဆံရေးကို သိရဖို့ Du Meizhu ဆီက သတင်းတွေ နှိုက်ယူခဲ့ပါတယ်။ ဇူလိုင် (၁၀)ရက်မှာတော့ Liu ဟာ Du Meizhu အဖြစ် ပို့စ်တင်ပြီး Kris Wu ရဲ့ မန်နေဂျာကို ကျေအေးမှုအတွက် 3,000,000 CNY ($463,640 USD) ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူက Du Meizhu ရဲ့ ဘဏ်အကောင့်ကို Kris Wu ရဲ့ မန်နေဂျာဆီ ပေးခဲ့တာပါ။ တစ်ချိန်တည်းမှာပဲ Liu ဟာ Beijing Fan Shi Culture & Media ဆိုတဲ့ အမည်နဲ့ Wechat account တစ်ခုဖွင့်ကာ Kris Wu ဟာ Du Meizhu ကို ကျေအေးဖို့အတွက် 3,000,000 CNY($463,640 USD) ပေးခဲ့တယ်ဆိုပြီး တင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျေအေးမှုမှာ နှစ်ဖက်စလုံး လက်မှတ်ထိုးခြင်းတော့ မရှိပါဘူး။ ဇူလိုင် (၁၁)ရက်မှာ Kris Wu ရဲ့ မိခင်က 500,000 CNY ($77,275 USD) ကို Du Meizhu တစ်ဝက်ခွဲပြီး ပေးပို့ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ပိုက်ဆံထပ်မရတော့ Liu ဟာ Du Meizhu အဖြစ် ပို့တွေ ဆက်တင်ပြီး Kris Wu ရဲ့ မန်နေဂျာဆီကို 2,500,000 CNY ($386,375 USD) ပို့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Kris Wu ရဲ့ မန်နေဂျာက Du Meizhu ကို ကျေးအေးမှုမှာ လက်မှတ်ထိုးမလား ဒါမှမဟုတ် 500,000 CNY($77,275 USD) ပြန်ပေးမလားဆိုပြီး တောင်းဆိုခဲ့ပါတယ်။ Du Meizhu က ပိုက်ဆံပြန်ပေးဖို့ သဘောတူခဲ့ပြီး Liu ဟာ Kris Wu ရဲ့မန်နေဂျာအဖြစ် ဟန်ဆောင်ခဲ့ပေမဲ့ ပိုက်ဆံကိုတော့ သူ့ကိုယ်ပိုင် Alipay bank အကောင့်ပေးခဲ့ကာ Du Meizhu က အဲဒီအကောင့် 180,000 CNY ($27,818 USD) လွဲပေးခဲ့ပါတယ်။ Liu ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက်မှာတော့ သူက Kris Wu နဲ့ Du Meizhu အမှုမှာ နှစ်ဖက်စလုံးကို ငွေညစ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ လက်ရှိမှာ Liu ကို Chaoyang ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်”

■ Kris Wu ဖမ်းဆီးထိန်းသိမ်းခံရ

ဇူလိုင် (၃၁)ရက်မှာ နာမည်ကျော် တရုတ်-ကနေဒါအဆိုတော်၊ မင်းသား Kris Wu ကို ကာမလိမ်လည်မှု သံသယနဲ့ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ တရုတ်ရဲတွေက ထုတ်ပြန်ခဲ့ပါတယ်။

“အွန်လိုင်းမှာ ရေပန်းစားနေတဲ့ Kris Wu က အမျိုးသမီးပေါင်းများစွာကို အကြိမ်များစွာ လိမ်လည်ပြီး ကာမရယူခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ရဲတပ်ဖွဲ့တွေ စုံးစမ်းစစ်ဆေးခဲ့ပါတယ်။ အခုအချိန်မှာတော့ အသက် (၃၀)အရွယ် အမျိုးသား Kris Wu ကို ကာမလိမ်လည်မှု သံသယနဲ့ Chaoyang ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ အမှုနဲ့ ပတ်သက်ပြီး စုံးစမ်းစစ်ဆေးမှုတွေတော့ ပြုလုပ်နေဆဲပါ”လို့ တရုတ်ရဲတွေက ထုတ်ပြန်ခဲ့တာပါ။

နာမည်ကျော် တရုတ်ရှေ့နေတစ်ဦးဖြစ်တဲ့ Yan Xu ကတော့ တကယ်လို့ ဒီအမှုမှာသာ Kris Wu အနေနဲ့ ပြစ်မှုထင်ရှားကြောင့် တွေ့ရှိခဲ့မယ်ဆိုရင် အနည်းဆုံး ထောင်ဒဏ် (၁၀)နှစ် ဒါမှမဟုတ် အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

Ref: Weibo, Sina, Koreaboo, Global Times and Guan Cha

You cannot copy content of this page