“ကျွန်တော် SM ကို စရောက်တုန်းက Idol အဖြစ် ပွဲထွက်ဖို့အတွက် လေ့ကျင့်မှုတွေ စတင်နေပြီဖြစ်ပြီး ကျွန်တော်လည်း အဲဒီအတွက် အသင့်ဖြစ်နေပါပြီ။ အဲဒီတုန်းက အရမ်းကို စိတ်ဖိစီးတာပါ။ ကျွန်တော့်ရဲ့ SM သင်တန်းသားဘဝ ပထမဆုံးနေ့မှာ မြေအောက်လွှာက အခန်းမှာ ကျွန်တော် လေ့ကျင့်ခဲ့ရတယ်။ အဲဒီတုန်းက တစ်နေ့က ၅ နာရီ၊ ၆ နာရီလောက်ပဲ အိပ်ရတယ်။ နံနက်မထခင်ပေမယ့် စိတ်တင်းပြီး၊ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးပြီး ထရတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် လေ့ကျင့်ရမယ်။ အသစ်တွေကို သင်ယူရမယ်လေ”- Tao
တခြားနိုင်ငံခြားသင်တန်းသားတွေ၊ တရုတ်လူမျိုးတွေနဲ့ စာရင်း Tao ဟာ အတော်လေး ကံကောင်းတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူဟာ (၁)နှစ်လောက် လေ့ကျင့်အပြီး ၂၀၁၁ ခုနှစ် အကုန်ပိုင်းမှာတော့ EXO အဖွဲ့ဝင်အဖြစ် ပွဲထွက်ခွင့်ရဖို့ တရားဝင် သတ်မှတ်ခြင်း ခံခဲ့ရတာပါ။ ဒါပေမဲ့ တစ်နှစ်လောက်ပဲ လေ့ကျင့်ရသေးကြောင့် Tao ဟာ သူကိုယ်သူ အားရကျေနပ်ခြင်းမရှိဘဲ EXO အဖွဲ့ဝင်အဖြစ် ပွဲထွက်ဖို့ ငြင်းဆိုခဲ့ပါတယ်။
“EXO အဖွဲ့နဲ့ ကျွန်တော့်ကို ပွဲထုတ်ဖို့ လုပ်တော့ ကျွန်တော် ပွဲမထွက်ချင်သေးဘူးလို့ SM ကို ကျွန်တော် ပြောပြခဲ့ပါတယ်။ ပြီးတော့ နောက်တစ်နှစ်လောက်ဖြစ်ဖြစ်၊ (၂)နှစ်လောက်ဖြစ်ဖြစ် လေ့ကျင့်ခွင့်ပေးဖို့ SM ကို ကျွန်တော် တောင်းဆိုခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ တောင်းဆိုမှုကို သူတို့ ငြင်းပယ်ခဲ့ပါတယ်”- Tao
ကိုယ့်ရဲ့ လေ့ကျင့်မှုတွေကို ကျေနပ်အားရခြင်းမရှိတာကြောင့် ပွဲထွက်ဖို့ လုပ်တဲ့အခါ ကြောက်စိတ်က Tao ကို အကြီးအကျယ် နှိပ်စက်ခဲ့ပါတယ်။
“အဲဒီတုန်းက ကျွန်တော် အရမ်းကြောက်ခဲ့တာပါ။ ဘာလို့ဆိုတော့ ကျွန်တော် သေချာမပြင်ဆင်ရသေးဘူးလေ။ ပြီးတော့ အဖွဲ့လိုက် ပွဲထွက်တာပါ။ အဖွဲ့ဝင်တိုင်းမှာ ကိုယ်ပိုင်ပါရမီတွေ၊ အားသာချက်တွေ ရှိကြတယ်။ အဲဒီတုန်းက ကျွန်တော်လည်း အတော်တိုးတက်နေပါပြီ”- Tao
၂၀၁၂ ခုနှစ်တော့ Tao ဟာ EXO အဖွဲ့နဲ့အတူ K-pop Idol အဖြစ် ပွဲထွက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်း အသက် (၁၉)နှစ် အရွယ်သာ ရှိသေးတဲ့ Tao ဟာ အကောင်းဆုံးကြိုးစားခဲ့ပြီး EXO အဖွဲ့ တရုတ်နိုင်ငံ ပရိုမိုးရှင်းတွေမှာ အဖွဲ့အတွက် အစွမ်းကုန်ကြိုးစားပေးခဲ့ပါတယ်။
EXO အဖွဲ့ ကျော်ကြားလာတာနဲ့အမျှ EXO ရဲ့ တရုတ်အဖွဲ့ဝင်တွေဟာ တရုတ်နိုင်ငံမှာပါ အာရှမှာ အရမ်းကို ကျော်ကြားလာခဲ့ပါတယ်။ ၂၀၁၄ မေ (၁၅)ရက်မှာတော့ တရုတ်အဖွဲ့ဝင်တစ်ဦး Kris Wu ဟာ EXO အဖွဲ့က ထွက်တော့မယ်လို့ ကြေညာခဲ့ပြီး SM ကို စာချုပ်ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အဲဒီသတင်းဟာ အဲဒီတုန်းက ဂယက်ထသွားခဲ့ပြီး ပရိသတ်အချို့က သူ့ရဲ့ ဆုံးဖြတ်ချက်ကို လက်မခံကြသလို၊ တခြား EXO အဖွဲ့ဝင်တွေကလည်း Kris ရဲ့ ဆုံးဖြတ်ချက်ကြောင့် အံ့အားသင့်ခဲ့ရပါတယ်။ Kris လမ်းသစ်ကို လျှောက်ဖို့ ရွေးချယ်သွားပြီးနောက်မှာ EXO အဖွဲ့ဟာ အတော်လေး အခက်တွေ့ခဲ့ရပါတယ်။
နောက်သိပ်မကြာခင်မှာ တခြားတရုတ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Luhan ဟာလည်း လမ်းသစ်ကို တစ်ယောက်တည်း လျှောက်ဖို့ ရွေးချယ်ခဲ့ပြန်ပါတယ်။ ၂၀၁၅ မှာတော့ Tao ဟာလည်း Kris, Luhan တို့လိုပဲ EXO အဖွဲ့နဲ့ လမ်းခွဲပြီး တရုတ်နိုင်ငံကို ပြန်လာခဲ့ပါတယ်။
“လူတွေ အမြင်မျိုးစုံ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်း မတူနိုင်သလို၊ တစ်ယောက် ခံစားနေရတာကိုလည်း တစ်ယောက်က မသိနိုင်ပါဘူး။ ကိုယ့်အကြောင်း၊ ကိုယ့်ခံစားရတာကို ကိုယ်ကိုယ်တိုင် အသိဆုံးပါပဲ။ ဒီတော့ ကိုယ့်ကြောင့် သူများ အနှောင့်အယှက် မဖြစ်အောင်နေတာက အကောင်းဆုံးပါ”- Tao
— ဃဲ