K pop

■ BIGBANG ရေးတဲ့ K-pop ဒိုင်ယာရီ

— – – Lightstick ကစလို့ World Tour အထိ K-pop Industry မှာ BIGBANG က ပထမဆုံးအဖြစ် အစပြုခဲ့တဲ့ အရာတွေကတော့ ….

BIGBANG ကို King of K-pop၊ Nation Boy Group လို့ မီဒီယာတွေနဲ့ ကိုရီးယားတွေ ခေါ်ကြတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ K-pop Industry မှာ BIGBANG ကို လက်ရှိ K-pop စီးကြောင်းကို မျိုးစေ့ချပေးခဲ့သူတွေကို ခေါ်ကြတယ်။ K-pop Industry မှာ BIGBANG စလုပ်ခဲ့တဲ့ ပထမဆုံးအရာတွေကတော့ …

■ ကိုယ့်သီချင်းကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ထုတ်တဲ့ ပထမဆုံးအဖွဲ့


BIGBANG ဟာ K-pop Industry မှာ သူတို့ရဲ့ သီချင်းတွေကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင် ထုတ်လုပ်တဲ့ ပထမဆုံး K-pop အဖွဲ့ဖြစ်ပါတယ်။ G-Dragon က အဲဒီလိုလုပ်တဲ့ ပထမဆုံး K-pop Idol ဖြစ်ပါတယ်။ BIGBANG ပွဲမထွက်ခင်တုန်းက K-pop မှာ အဆိုတော်တွေ၊ အဖွဲ့တွေ ရေးတာမျိုး လုံးဝမရှိဘဲ အေဂျင်စီတွေ သီချင်းရေးဆရာတွေကို အပ်တာပဲ အလေးထားကြတာပါ။ G-Dragon ရေးတဲ့ “Lies”, “Last Farewell”, “Haru Haru” စတဲ့ သီချင်းတွေနဲ့ BIGBANG အဖွဲ့ဝက်ဝက်ကွဲ ပေါက်တော့မှာသာ အေဂျင်စီတွေက သူတို့ Idol တွေကို သီချင်းရေးဖို့ အားပေး၊ အခွင့်အရေးပေးခဲ့တာပါ။

■ Official Lightstick ဆိုတာ BIGBANG က စတာ


အခု K-pop မှာ အရမ်းခေတ်စားနေတဲ့ Official Lightstick ကလည်း BIGBANG က စတာပါ။ G-Dragon က သူတို့ ပရိသတ်တွေ မြင်ချင်တယ်ဆိုပြီး Lightstick စတင်ဖန်တီးခဲ့တာပါ။ G-Dragon ကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့တဲ့ Bang Bong ဟာ K-pop သမိုင်းမှာ ပထမဆုံးဖြစ်ပြီး အခုတော့ Lightstick ဟာ K-pop Culture တစ်ခု ဖြစ်နေပါပြီ။

 

■ Underground Rapper ကနေ ပထမဆုံး K-pop Idol ဖြစ်လာသူ T.O.P


BIGBANG အဖွဲ့နဲ့ ပွဲမထွက်ခင်တုန်းက T.O.P ဟာ “T.E.M.P.O” ဆိုတဲ့ အမည်နဲ့ ကျော်ကြားတဲ့ Underground Rapper တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ Underground Rapper ဘဝမှာ အထင်ရှားဆုံးသီချင်းက NBK Gray နဲ့တွဲလုပ်ခဲ့တဲ့ Buckwild ပါ။ G-Dragon က T.O.P ကို ခေါ်ပြီး YG audition ဝင်ပြိုင်စေခဲ့တာပါ။

 

■ ဆံပင်အရောင်မျိုးစုံ ဆေးဆိုးတာ BIGBANG က စတယ်


ပန်းရောင်၊ အပြာရောင်၊ နီယွန်၊ အစိမ်းရောင်၊ လိမ္မော်ရောင် ဒါတွေအားလုံးက BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ကစပြီး နောက်ပိုင်းမှာမှ K-pop Idol တွေက လိုက်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

 

■ အဖွဲ့မဖျက်သိမ်းဘဲ အဖွဲ့ဝင်တိုင်း Solo ထွက်တဲ့ ပထမဆုံးအဖွဲ့


BIGBANG မပေါ်ခင်တုန်းက K-pop အဖွဲ့တွေဟာ အဖွဲ့ဝင်တစ်ယောက်ယောက် Solo စတော့မယ်ဆိုရင် သူ ထွက်တာပဲ ဖြစ်ဖြစ်၊ အဖွဲ့ဖျက်သိမ်းတာဖြစ်ဖြစ် လုပ်လေ့ရှိပြီး အဲဒီတော့မှ သူတို့ Solo ဘဝကို စတင်နိုင်တာပါ။ ၂၀၀၃ ခုနှစ် Shinwha အဖွဲ့က Minwoo Solo အဖြစ်ပွဲထွက်ခဲ့တာတော့ ရှိပါတယ်။ ဒါပေမဲ့ BIGBANG အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးချင်းစီတိုင်းက Solo ဘဝတွေမှာ အောင်မြင်စွာ ရပ်တည်နိုင်ခဲ့ပြီး Tour တွေကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ဒါက K-pop သမိုင်းမှာ BIGBANG ပဲ လုပ်နိုင်တဲ့ အရာဖြစ်ပါတယ်။

■ နိုင်ငံတကာဆုရတဲ့ ပထမဆုံး K-pop အဖွဲ့

၂၀၁၁ ခုနှစ်မှာ BIGBANG အဖွဲ့ဟာ ကမ္ဘာကျော် Pop အဆိုတော် Britney Spears ကို ကျော်ပြီး MTV EMA ဆုကို ရရှိခဲ့တာပါ။ ဒါဟာ K-pop သမိုင်းမှာ K-pop အဖွဲ့တွေ ရတဲ့ ပထမဆုံးနိုင်ငံတကာဆုအဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။

■ K-pop မှာ concept of “mini album” တွေကို မိတ်ဆက်ခဲ့တဲ့ ပထမဆုံးအဖွဲ့


BIGBANG အဖွဲ့ဟာ K-pop Industry သမိုင်းမှာ concept of “mini album” တွေကို မိတ်ဆက်ခဲ့တဲ့ ပထမဆုံးအဖွဲ့ ဖြစ်ပါတယ်။ BIGBANG အဖွဲ့ အဲဒီလိုလုပ်ပြီးတော့မှာ K-pop အဖွဲ့တွေဟာ mini album (EP) series တွေကို စပြီး ထုတ်လွှင့်လာကြတာ ဖြစ်ပါတယ်။

■ Rap-Unit ထုတ်တဲ့ ပထမဆုံးအဖွဲ့

အရင်တုန်းက K-pop မှာ Rapper တွေကို လူတွေ အထင်မကြီးကြပါဘူး။ K-pop Idol အဖွဲ့က Rapper တွေကို Rapper မမည်တဲ့ Rapper တွေလို့ပဲ ယူဆခဲ့ကြပါတယ်။ သူတို့က သီချင်းလည်း မဆိုကြပါဘူး။ ဒါပေမဲ့ BIGBANG ပေါ်လာပြီးနောက်မှာ အဲဒီအမြင်တွေက ပြောင်းလဲသွားပါတယ်။ BIGBANG ဟာ K-pop သမိုင်းမှာ hiphop ယဉ်ကျေးမှုကို စတင်မိတ်ဆက်ခဲ့တဲ့ အဖွဲ့ဖြစ်ပြီး လက်ရှိ K-pop ဟာ BIGBANG ဖန်တီးခဲ့တဲ့ Stream အတိုင်း စီးဆင်းနေတာလို့ ကျွမ်းကျင်သူတွေက သတ်မှတ်ကြပါတယ်။

■ MAMA မှာ Daesung ရတဲ့ ပထမဆုံး K-pop အဖွဲ့က Soloist

BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ဟာ ၂၀၁၃ MAMA ဆုပေးပွဲမှာ Artist of the year ဆု ရရှိခဲ့ပါတယ်။ ဒါက K-pop အဖွဲ့က Solo အဖြစ် ပွဲထွက်တဲ့ အနုပညာရှင်တွေထဲမှာ ပထမဆုံးနဲ့ ဒီနေ့အထိ တစ်ဦးတည်းအဖြစ် မှတ်တမ်းဝင်နေဆဲပါပဲ။ G-Dragon ဟာ Daesung (၃)ဆုအထိ ရရှိထားပြီး Album of the year (၂)ကြိမ်နဲ့ Artist of the year (၁) ကြိမ်ဖြစ်ပါတယ်။ Taeyang ကတော့ Eyes, Nose, Lips သီချင်းနဲ့ Song of the year ရရှိထားတာပါ။

■ ပထမဆုံး World Tour ကျင်းပတဲ့ K-pop Idol အဖွဲ့

K-pop အဖွဲ့တွေဟာ ပုံမှန်အားဖြင့် အာရှ Tour တွေကို ကျင်းပနိုင်ခဲ့ပြီး BIGBANG အဖွဲ့ကတော့ World Tour ကျင်းပတဲ့ ပထမဆုံး K-pop Idol အဖွဲ့ဖြစ်ပါတယ်။ သူတို့ဟာ ၂၀၁၂-၁၃ မှာ The Alive Galaxy Tour ကို ကျင်းပခဲ့ပြီး အမေရိကန်အပါအဝင် ဥရောပ၊ အာရှနိုင်ငံတွေအပြင် ပီရူးနိုင်ငံအထိ ပါဝင်ခဲ့ပါတယ်။ BIGBANG ဟာ ၂၀၁၂-၁၃ ကတည်းက အမေရိကန်မှာ Sold Out Concert ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့တာဖြစ်ပြီး ပီရူးမှာဆိုရင် BIGBANG ကို တွေ့ခွင့်ရဖို့ ပရိသတ်တွေ လမ်းတွေပေါ်မှာ စခန်းချစောင့်နေခဲ့လို့ အာဏာပိုင်တွေ ထိန်းခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အဲဒါတွေက လူမှုကွန်ရက်တွေ အားနည်းပြီး K-pop သိပ်မကျော်ကြားသေးပါဘူးဆိုတဲ့ ၂၀၁၃ က ဖြစ်ပါတယ်။

■ Digital charts တွေကို သိမ်းပိုက်တဲ့ တစ်ခုတည်းသော အမျိုးသားအဖွဲ့

Korea Digital charts ကို အများအားဖြင့် စိုးမိုးလေ့ရှိတာက အမျိုးသမီးအဆိုတော်တွေနဲ့ အမျိုးသမီးအဖွဲ့တွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Korea Digital charts ကို BIGBANG အဖွဲ့က လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် BIGBANG အဖွဲ့ကို ကိုရီးယားပရိသတ်တွေက “Girl Group of the Nation” လို့တောင် နောက်ပြောင်ခေါ်ကြပါသတဲ့။

ဒါတွေက K-pop Industry မှာ BIGBANG စလုပ်ခဲ့တဲ့ ပထမဆုံးအရာတွေထဲက ထင်ရှားတဲ့ အချက်တွေထဲ တချို့သာဖြစ်ပြီး လက်နဲ့လုပ်ပြတဲ့ အသည်းပုံ၊ လေဆိပ်ဖက်ရှင်တွေ စခဲ့တာတို့ ဘာတို့လို အချက်တွေ များစွာ ရှိပါသေးတယ်။

— ဃဲ
Ref: AKP

You cannot copy content of this page