K pop

■ IU ပုံပြင်

– – – IU ဟာ အရမ်းကိုအောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ဦးဖြစ်သလို ကိုရီးယားရဲ့ ထိပ်တန်း Cele တစ်ဦးအဖြစ် ရပ်တည်နေသူပါ။ ဒါပေမဲ့ ဒီနေ့ IU ဖြစ်လာအောင် သူ လျှောက်လှမ်းခဲ့ရတဲ့ လမ်းကတော့ မချောမွေ့ဘဲ ကြမ်းတမ်းခဲ့ပါတယ်။ IU ဟာ ဒီနေရာကိုရောက်အောင် မျက်ရည်ပေါင်းများစွာ၊ ချွေးစက်ပေါင်းများစွာ၊ ဒုက္ခတွေများစွာ၊ စွန့်လွှတ်ပေးဆပ်ရမှုများစွာ … များစွာတွေကို ရင်ဆိုင်ခဲ့ရပါတယ်။

IU ရဲ့ ဘဝအတွေ့အကြုံတွေက သူ့အတွက် ခါးသီးလွန်းခဲ့ပေမယ့် စာဖတ်သူတွေအတွက်တော့ ဘဝအတွက် ခွန်အားဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။

#ဆင်းရဲမွဲတေတဲ့ ဘဝက လာခဲ့ရသူ

IU ရဲ့ မိဘတွေက အစတုန်းက တောင့်တောင့်တယ်တယ်ပါပဲ။ ဒါပေမဲ့ လုပ်မှားကိုင်မှားတွေကြောင့် အကြွေးတွေပိကာ ချွတ်ခြုံကျခဲ့ရတယ်။ အခြေအနေ အတော်လေးဆိုးတာကြောင့် သားသမီးတွေကို ကျွေးမွေးဖို့ ခက်ခဲခဲ့ပြီး IU နဲ့ သူ့မောင်လေးက ဘိုးဘွားတွေရဲ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာခဲ့တာ ဖြစ်ပါတယ်။ ဒါက အဘွားဖြစ်သူကို IU ဘာကြောင့် အရမ်းချစ်မြတ်နိုးရတယ်ဆိုတဲ့ သက်သေပါပဲ။ IU တို့ မြေးဘွားသုံးဦးဟာ ပိုးဟတ်တွေ၊ အကောင်ပလောင်တွေ ပျော်စံရာဖြစ်တဲ့ အခန်းကျဉ်းလေးမှာ အတူနေထိုင်ခဲ့ကြတာဖြစ်ပြီး နောက်ပိုင်းမှာတော့ အမျိုးတွေအိမ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အမျိုးအိမ်မှာ နေရတာက အခန်းကျဉ်းလေးမှာ နေရတာထက် သက်သောင့်သက်သာ ရှိခဲ့ပေမယ့် IU လေးရဲ့ စိတ်ပိုင်းဆိုင်ရာမှာတော့ ဒဏ်ရာတွေ၊ သောကတွေ၊ အမာရွတ်တွေ ရရှိခဲ့ပါတယ်။

အိမ်ပိုင်ရှင်အမျိုးတွေဟာ IU တို့ မြေးဘွားတွေကို ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ဆဲဆိုခဲ့ကြတာပါ။ အရက်မူးချိန်မှာတော့ အဆဲအဆိုတွေက ပိုမိုပက်စက်ပြီး IU ကိုလည်း နင်ဘယ်တော့မှ အဆိုတော်ဖြစ်လာမှာ မဟုတ်ဘူးဆိုပြီး နှိမ့်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ IU ရဲ့ ဖွင့်ဟဝန်ခံချက်တွေအရ ဆဲဆိုသံတွေကို မကြားချင်တာကြောင့် အိပ်ချင်ယောင်ဆောင်နေခဲ့ရတာ အချိန်တွေက မနည်းပါဘူးတဲ့။ အခန်းထောင့်မှာ IU ရဲ့ မျက်ရည်တွေဟာ ကြွေကျခဲ့ရပြီး သူတို့က ဘယ်တော့မှ မဖြစ်နိုင်ဘူးလို့ ပြောတဲ့ အဆိုတော်ဖြစ်အောင် ငါလုပ်ပြမယ်ဆိုတဲ့စိတ်က အဲဒီကတည်းက IU လေးရဲ့ စိတ်ထဲမှာ အမြစ်တွယ်ခဲ့တာပါ။

 

#ကျိုးကြေဖို့ကောင်းတဲ့ လိမ်လည်ခံရမှု

“ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ” ဆိုတဲ့ မြန်မာစကားပုံက IU အတွက် ဖြစ်နေမလားပဲ။ ငယ်ငယ်ကတည်းက ခက်ခဲကြမ်းတမ်းလွန်းခဲ့တဲ့ IU အတွက် အရာရာဟာ ခက်ခဲခဲ့ပါတယ်။ အဆိုတော်ဖြစ်ဖို့ အသာထားဦး။ IU အတွက် သင်တန်းသူဖြစ်ဖို့တောင် အရမ်းကိုခက်ခဲခဲ့တာပါ။ အေဂျင်စီတစ်ခုမှာ ဝင်ရောက်နိုင်ဖို့အတွက် IU ဟာ Audition ပေါင်းများစွာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အေဂျင်စီအယောင်ဆောင် လိမ်လည်တဲ့အဖွဲ့တစ်ခုကတော့ IU လေးကို သင်တန်းသူအဖြစ်လည်း လက်ခံမယ်၊ TV မှာလည်း ပါစေရမယ်လို့ ကတိပေးပြီး ပိုက်ဆံတွေအများကြီး တောင်းခဲ့ယူပြီး လိမ်လည်ခဲ့တာဖြစ်ပါတယ်။ ဖြစ်ချင်တာတစ်ခုကိုသာ သိတဲ့အဖြူထည်လေး IU ဟာ အဲဒီအချိန်တုန်းက အသက်အရွယ်အားဖြင့် ငယ်ရွယ်လွန်းသေးတာကြောင့် ဆင်ခြင်နိုင်စွမ်းအားနည်းခဲ့ရပါတယ်။

ဒါကြောင့် အဲဒီငွေကြေးအားလုံး အလိမ်ခံလိုက်ရပါတယ်။ IU အတွက် ပိုပြီး ရင်နာစရာဖြစ်ခဲ့တာက အဲဒီပိုက်ဆံတွေဟာ မြေးမလေးဖြစ်ချင်တာတွေ လုပ်လို့ရအောင် အဘွားဖြစ်သူက ဈေးလေးမှာ ဖန်စီပစ္စည်းလေးတွေ ရောင်းရင်း ရှာထားရတဲ့ ပိုက်ဆံတွေ ဖြစ်နေပါတယ်။ ဒါက IU ရင်ကို အပူမီးဟပ်စေခဲ့တဲ့ အချိန်ကာလတွေက အခိုက်အတန့်တစ်ခုဖြစ်ခဲ့ပြီး အဘွားဖြစ်သူရဲ့ ချွေးနည်းစာလေးအတွက် IU ရင်ကွဲခဲ့ရပါတယ်။

 

#မိဘတွေကို မမေ့သူ

Audition ပေါင်း များစွာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အေဂျင်စီပေါင်းများစွာရဲ့ ငြင်းပယ်မှုကို ခံခဲ့ရပေမယ့် IU က ငိုယိုပြီး အရှုံးပေးဖို့ လုံးဝမစဉ်းစားခဲ့ပါဘူး။ မျက်ရည်တွေကို သုတ်လိုက်တယ်။ လဲကျနေလို့ မဖြစ်ဘူး။ ဒူးကွဲနေရင်တောင် ပြန်ထရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကြိုးစားခဲ့တဲ့ IU ကို လောကကြီးက မျက်ကွယ်မပြုရဲပါဘူး။ ဒူးမထောက်၊ လက်မမြှောက်ခဲ့သူ IU ဟာ ၂၀၀၈ မှာတော့ Kpop လောကမှာ စတင်ခြေချနိုင်ခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ IU ရဲ့ သီချင်းတွေဟာ ပရိသတ်တွေရဲ့ ရင်ထဲကိုထိသွားပြီး “Boo” နဲ့ “Marshmallow” သီချင်းတွေဟာ အရမ်းကို အောင်မြင်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ IU ဟာ မိသားစုတွေကို အကြွေးတွင်းကနေ ပြန်လည်ဆွဲထုတ်နိုင်ခဲ့ပြီး ဖခင်ဖြစ်သူကို သူသိပ်စီးချင်တဲ့ ကားကို ဝယ်ပေးနိုင်ခဲ့ပါတယ်။

IU ဟာ သူရဲ့ မိသားစုတွေကို TV အစီအစဉ်တွေ၊ မီဒီယာတွေမှာ ပြလေ့မရှိပါဘူး။ ဒါပေမဲ့ IU ဟာ သူ့မိသားစုတွေနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ မောင်ဖြစ်သူနဲ့ ဖုန်း Message တွေကို သူရဲ့ လူမှုကွန်ရက်အကောင့်တွေမှာ တင်လေ့ရှိပါတယ်။ မောင်လေးနဲ့ အပြန်အလှန်ပြောထားတဲ့ စကားတွေကို IU ထုတ်ပြခဲ့ရာမှာတော့ ပရိသတ်တွေကြားမှာ အတော်လေးကို ရေပန်းစားခဲ့ပါသေးတယ်။

 

#အိပ်မက်တစ်ခုအတွက် အရာအားလုံးကိုစွန့်ခဲ့သူ

ငယ်ငယ်ကတည်းက အဆိုတော်ဖြစ်ဖို့ ကြိုးပမ်းခဲ့တာကြောင့် IU ဟာ ပညာရေးကို မလုပ်နိုင်ခဲ့ပါဘူး။နောက်ပိုင်းမှာတော့ အရမ်းကိုကျော်ကြားလာတဲ့ IU ကို ကိုရီးယားနိုင်ငံတစ်ဝှမ်းက တက္ကသိုလ်တွေက အထူးဝင်ခွင့်ပေးဖို့ ကမ်းလှမ်းခဲ့ကြပေမယ့် IU ကတော့ အားလုံးကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။ အခြား Celebs တွေ အဲဒီလိုအခွင့်အရေးတွေကို ရယူခဲ့ကြပေမယ့် IU ကတော့ သူ့အလုပ်ကို အာရုံစိုက်ချင်တာရယ် စာကိုပဲ လေ့လာသူတွေကို အလေးထားရယ်ကြောင့် ငြင်းဆန်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ အဲဒီဆုံးဖြတ်ချက်အတွက် IU ကို ချီးကျူးခဲ့ကြပါတယ်။

ကောလိပ်နဲ့ တက္ကသိုလ်တွေက အထူးအခွင့်အရေးနဲ့ ကျောင်းတက်ဖို့ ကမ်းလှမ်းခဲ့တာတွေနဲ့ ပတ်သက်ပြီး IU က “ကောလိပ်တက်ခွင့်၊ တက္ကသိုလ်တက်ခွင့်တွေဟာ စာကိုသေချာကြိုးစားလေ့လာသူတွေအတွက်သာ ဖြစ်ပါတယ်။ တကယ်တမ်းပြောရရင် ကျွန်မမှာ ကောလိပ်ကျောင်းသူဘဝကို ခံစားဖို့ အချိန်လည်း မရှိပါဘူး။ ဒါကြောင့် ပညာရေးကို ကျွန်မစွန့်လွှတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ”လို့ ရသစုံလင်အစီအစဉ်တစ်ခု ဝန်ခံခဲ့တာပါ။

#ဖိအားတွေနဲ့ IU

စတားတွေရဲ့ ဘဝက အရမ်းကောင်းတာပဲလို့ ခင်ဗျားထင်ချင်ထင်နေပါလိမ့်မယ်။ ဒါပေမဲ့ စတားတွေဆိုတာလည်း လူသားတွေသာ ဖြစ်ပါတယ်။ အရမ်းအောင်မြင်နေတဲ့ ၂၀၁၄ မှာတော့ IU ဟာ bulimia ဆိုတဲ့ ရောဂါတစ်မျိုးကို ခံစားခဲ့ရပါတယ်။ (bulimia ဆိုတာက အကြမ်းဖျဉ်းဆိုရင်တော့ ခံစားချက်မညီမျှမှုလို့ ဆိုနိုင်ပါတယ်။ အဲဒီလိုဖြစ်လာပြီဆိုရင် ကိုယ့်ခန္ဓာကိုယ်ကို အရမ်းအလေးထားပြီး ပိန်ဖို့ကြိုးစားတယ်။ အဲဒီကနေတစ်ဆင့် စိတ်ဓာတ်တွေ ထိုးကျလာပြီး စိတ်ထဲပေါ်ရာကို လျှောက်လုပ်တော့တာပါပဲ။ ပိုဆိုးတာက ဒီရောဂါစွဲကပ်လာပြီးဆိုရင် ကိုယ့်ကိုယ်ကိုယ် မုန်းတီးလာတယ်။ သနားတတ်လာတယ်။ နောက်ဆုံးအဆင့်ကတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့အထိ ဖြစ်နိုင်ပါတယ်)

အဲဒီလိုဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ IU က “ကျွန်မမှာ ဖိအားတွေ အများကြီးရှိတယ်။ ဒါကြောင့် ဘာမှမဟုတ်တဲ့အရာသေးသေးတစ်ခုဖြစ်ပြီးဆိုတာနဲ့ ကျွန်မ အရမ်းခံစားရတယ်။ ဒီလိုနဲ့ ဘာဖြစ်လာလဲဆိုတော့ ကျွန်မဘဝကို ကျွန်မ ရွံလာတယ်။ စက်ဆုပ်လာတယ်။ အဲဒါက အဆုံးလည်း မရှိဘူး။ ကိုယ့်ဘဝကို ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် သနားလာတယ်။ ပြီးတော့ ဘဝမှာ စားဖို့နဲ့ အိပ်ဖို့ ကလွဲပြီး ရွေးစရာမရှိတော့ဘူးလို့ ကျွန်မ ထင်လာတယ်။ ဒီတော့ ကျွန်မ မအိပ်ချင်တာနဲ့ အစားတွေကို နင်းကန်စားတော့တာပဲ” လို့ အစီအစဉ်တစ်ခုမှာ ဖွင့်ဟခဲ့ဖူးပါတယ်။

အဲဒီဝေဒနာကြောင့် IU ဟာ အစားစားတာနဲ့ ပျော့အန်တွေဖြစ်၊ နေမကောင်းတွေဖြစ်ပြီး အတော်လေးကို အခြေအနေဆိုးရွားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ IU ဟာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်နိုင်ခဲ့ပြီး အစားအသောက်အချိန်မှန်စား၊ အချိန်မှန်အိပ် စတာတွေကို စနစ်တကျပြုလုပ်ခဲ့ပြီး တွန်းလှန်နိုင်ခဲ့လို့ အခုထိ IU ကို မြင်တွေ့ခွင့်ရနေတာလည်း ဖြစ်ပါတယ်။

#မေတ္တာရှင်မလေး IU

ချစ်စရာကောင်းအောင် နေတတ်တဲ့ IU ဟာ နှလုံးသားလှတဲ့ မေတ္တာရှင်မလေးတစ်ယောက်လည်း ဖြစ်နေပြန်ပါတယ်။ IU ဟာ ဘဝကို မမေ့တတ်သူဖြစ်ပြီး ငယ်ငယ်က မွဲတေခဲ့တဲ့ဒဏ်ကို ကောင်းကောင်း ခံစားဖူးတာကြောင့် ကလေးကူညီစောင့်ရှောက်ရေးတွေမှာ နှစ်စဉ်နှစ်တိုင်းလိုလို ကိုရီးယားငွေ ဝမ်သန်းရာနဲ့ချီပြီး လှူဒါန်းလေ့ရှိပါတယ်။ ဒါ့အပြင် ငယ်ငယ်က ပညာကိုကောင်းကောင်းမသင်ခဲ့ရပေမယ့် ပညာရဲ့လေးနက်မှု၊ အရေးပါမှုနဲ့ အဓိပ္ပာယ်ကို IU က ကောင်းကောင်းနားလည်ပါတယ်။

ဒါကြောင့် IU ဟာ သူတက်ခဲ့တဲ့ အထက်တန်းကျောင်းမှာ ကျောင်းသား၊ ကျောင်းသူလေးဦးကို ပညာသင်ဆုတွေပေးပြီး လိုအပ်သူတွေကို တက္ကသိုလ်ပြီးဆုံးတဲ့အထိ ထောက်ပံ့နေပါတယ်။ ပြီးတော့ IU ဟာ ကျောင်းတွေမှာ စာကြည့်တိုက်တွေအတွက် စာအုပ်စာတမ်းတွေ ပုံမှန်လှူဒါန်းလေ့ရှိသလို ပညာရေးရန်ပုံငွေတွေရရှိအောင်လည်း အမြဲတမ်းတက်တက်ကြွကြွနဲ့ လှုပ်ရှားနေသူဖြစ်ပါတယ်။ ဒါပေမဲ့ IU ဟာ သူရဲ့ လှူဒါန်းမှုတွေကို ဘယ်တော့မှထုတ်ဖော်ပြောဆိုလေ့မရှိဘဲ မီဒီယာက ဖော်ပြလို့သာ သိရတာဖြစ်ပါတယ်။

#သူငယ်ချင်းတွေက IU အတွက် ဘဝပါပဲ

IU နဲ့ မင်းသမီး Yoo In Na တို့ရဲ့ဆက်ဆံရေးဟာ လူတိုင်းအားကျရတဲ့ သူငယ်ချင်းဆက်ဆံရေးဖြစ်ပါတယ်။အသက်အရွယ်အားဖြင့် အလွန်ကွာဟပေမယ့် သူတို့နှစ်ဦးရဲ့ သူငယ်ချင်းဆက်ဆံရေးဟာ K အနုပညာလောကမှာတော့ အလွန်ကို ထင်ရှားလှပါတယ်။ IU နဲ့ Yoo In Na တို့ဟာ Heros ဆိုတဲ့ ရသစုံလင် အစီအစဉ်တစ်ခုကို ရိုက်ကူးရင်း ခင်မင်ခဲ့ကြတာဖြစ်ပြီး တစ်ဦးနဲ့ တစ်ဦး သွေးသားရင်းချာ ညီအစ်မတွေလို ချစ်ခင်စွာ ယနေ့ထက်တိုင် ပေါင်းသင်းနေကြတာ ဖြစ်ပါတယ်။

2017 Melon Music Awards မှာ IU က “Album of the Year” ဆုကို ရရှိခဲ့ပြီး ဆုလက်ခံပြီး ကျေးဇူးတင်စကားပြောရာမှာ Yoo In Na အကြောင်းကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဘယ်လိုအခြေအနေတွေပဲဖြစ်ဖြစ် သူမဘက်က အမြဲရပ်တည်ပေးပြီး စွန့်ခွာမသွားတဲ့ Yoo In Na Unnie ကို ကျေးဇူးတင်ကြောင်း IU က ပြောကြားခဲ့တာပါ။သူတို့နှစ်ဦးဟာ လက်ရှိအချိန်ထိလည်း တစ်ဦးရဲ့ လိုအပ်ချက်တွေကို တစ်ဦးက ဖြည့်ရင်း၊ တစ်ဦးကို တစ်ဦး အာပေးရင်းနဲ့ ချစ်ခင်စွာပေါင်းသင်းနေကြဆဲ ဖြစ်ပါတယ်။

#Jonghyun ကို သတိရနေဆဲ IU

၂၀၁၇ နှစ်ကုန်လောက်မှာ ကိုရီးယားနာမည်ကျော်အမျိုးသားအဖွဲ့ SHINee ရဲ့ ခေါင်းဆောင် Jonghyun ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာကြောင့် ကမ္ဘာ့တစ်ဝှမ်းက သန်းပေါင်းများစွာသော Kpop ပရိသတ်တွေ ကြေကွဲခဲ့ရပါတယ်။ အဲဒီထဲမှာ IU ကလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ IU ဟာ Jonghyun နဲ့ ဆက်ဆံရေးကို အလွန်တန်ဖိုးထားသူဖြစ်ပြီး Jonghyun အတွက် ရည်စူးပြီး Jonghyun ရေးပေးခဲ့တဲ့ “A Gloomy Clock” ဆိုတဲ့ သီချင်းကို သူမရဲ့ Concert တွေမှာ သီဆိုခဲ့ပါတယ်။

“ရိုးသားစွာ အမှန်အတိုင်း ဝန်ခံရမယ်ဆိုရင် ကျွန်မမှာ အရမ်းရင်းနှီးတဲ့ မိတ်ဆွေ၊ သူငယ်ချင်းများများစားစား မရှိပါဘူး။ ပြီးတော့ ကျွန်မက ဘယ်သူနဲ့ ရင်းနှီးတယ်လို့ ထုတ်ပြောလိုက်မယ်ဆိုရင် သူတို့အနေနဲ့ မလိုလားတဲ့ အနှောင့်အယှက်တွေကြုံတွေ့ရနိုင်တာကြောင့် ဘယ်သူက ကျွန်မ သူငယ်ချင်းပါလို့ ပရိသတ်တွေကို ကျွန်မထုတ်ဖော်ပြောဆိုလေ့မရှိပါဘူး။ ဒါပေမဲ့ Jonghyun နဲ့တော့ အရမ်းကိုရင်းနှီးတယ်လို့ ကျွန်မ ယုံကြည်ပါတယ်” လို့ IU က Concert တစ်ခုမှာ သူနဲ့ Jonghyun တို့အကြား ဆက်ဆံရေးကို ပြောကြားခဲ့ပါတယ်။ Jonghyun ဆုံးပြီး တစ်လအကြာမှာ ပြုလုပ်ခဲ့တဲ့ 2018 Golden Disk Awards မှာ IU က ကျိုးကြေစရာစကားကို ပြောကြားခဲ့ပြီး Jonghyun စိတ်ကျရောဂါကို ခံစားနေရတာကို စောစောမသိခဲ့တဲ့အတွက် Jonghyun ကို တောင်းပန်ပါတယ်” ဆိုပြီး IU က ဖွင့်ဟခဲ့ပါတယ်။

#IU ရဲ့ Idol ဘဝ၊ အနုပညာရှင်ဘဝခံယူချက်

“ကျွန်မတို့အနေနဲ့ ပျော်စရာရှိတဲ့အခါ ပျော်ရွှင်ရယ်မောပြီး။ ကြေကွဲစရာတွေ၊ ကျဆုံးမှုတွေနဲ့ တွေ့တဲ့အခါ ငိုရမယ်လို့ ကျွန်မကတော့ ယုံကြည်ပါတယ်။ နာမကျန်းဖြစ်တာ၊ ဆာလောင်တာ၊ အားကုန်တာ ဒါတွေက အဆင်ပြေပါတယ်။ ဘာလို့လဲဆိုတော့ ဒါတွေကို ဘယ်သူမှမရှောင်လွှဲနိုင်ဘူးလေ။ ဒါကြောင့် ကျွန်မကတော့ အနုပညာရှင်တွေကို သဘာဝအတိုင်းပဲ နေထိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်မတို့ရဲ့အလုပ်က လူတွေကို ပျော်ရွှင်လာအောင် ဖျော်ဖြေရတဲ့ အလုပ်ဖြစ်ပါတယ်။ အနုပညာရှင်တွေအနေနဲ့ ကိုယ်ပိုင်ခံစားချက်တွေကို ဖုံးကွယ်ထားတတ်တာက အရမ်းကိုကောင်းတဲ့အရာပါ။ ဒါပေမဲ့ ကျွန်မတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့ လိုသလို၊ ကိုယ့်လိုအပ်တာတွေကို သိနေဖို့ လိုပါတယ်”
– IU

#ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းတဲ့ IU

တစ်ခါက CeCi Magazine နဲ့ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ IU က သူ့ကိုယ်သူတန်ဖိုးထားမှုနဲ့ ပတ်သက်ပြီး ပြောပြခဲ့ဖူးပါတယ်။ IU က သူဟာ ကိုယ့်ကိုယ်တန်ဖိုးထားမှု၊ ယုံကြည်မှုအရမ်းအားနည်းတယ်လို့ ဆိုပါတယ်။ IU က အချက်အလက်တွေ သူများထင်မြင်ချက်တွေကိုတော့ သိပ်ပြီးဂရုစိုက်တတ်သူတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူဟာ နာမည်ကြီးဘဝကို ယစ်မူး၊ ဘဝင်မြင့်ပြီး ဘဝမမေ့အောင် အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း၊ သတိတရားလေးနဲ့ နေထိုင်တယ်လို့ ဆိုပါတယ်။

IU က “ကျွန်မအနေနဲ့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်အောင် တည်ဆောက်နေပါတယ်။ အခြားလူတွေနဲ့ နှိုင်းယှဉ်ရင် ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု၊ ယုံကြည်မှုမြင့်မားသူလို့ မဆိုနိုင်ပါဘူး။ တခြားလူတွေက ကျွန်မကို ဘယ်လိုပဲမြင်မြင် ကျွန်မကိုယ့်ကိုယ်ကိုယ် မြင်တာ၊ ထင်တာလောက်မဆိုးသေးပါဘူး။ ကျွန်မဟာ မီးရောင်အောက်မှာ ကျွန်မကိုယ် ကျွန်မ ဘယ်လိုဆိုတာ ကောင်းကောင်းမြင်နိုင်သူပါ။ ဒါက အားနည်းချက်ဖြစ်တယ်လို့ တွေးကောင်းတွေးနိုင်ပေမယ့် တကယ်တော့ ဒါက အားသာချက်ပါပဲ။ ကျွန်မက ဘယ်လိုလူလဲဆိုတာကို ကျွန်မကောင်းကောင်းသိပါတယ်။ ဒါကြောင့် ကျွန်မဟာ ဘယ်တော့မှ သွေးနားထင်ရောက်နေတဲ့ လူတစ်ယောက် ဖြစ်လာမှာမဟုတ်ပါဘူး”လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

– Cj
via Koreaboo

You cannot copy content of this page