K pop

■ ဆင်းရဲနွမ်းပါးတဲ့ကောင်လေးဘဝမှသည် ကမ္ဘာကျော်အဖြစ်သို့

ဒီပုံပြင်လေးကို ဖတ်ပြီးတဲ့အခါမှာ သူ့ကို အရင်ကထက် ခင်ဗျား ပိုချစ်သွားပါလိမ့်မယ်။

အခု ကျွန်တော်ပြောပြမယ့် ပုံပြင်လေးထဲက ဆင်းရဲနွမ်းပါးခဲ့တဲ့ကောင်လေးဟာ ဒီနေ့မှာတော့ ကမ္ဘာပေါ်မှာ ကျော်ကြားတဲ့ နာမည်ကျော်တစ်ဦးဖြစ်နေပါပြီ။ ဒါပေမဲ့ ဒီနေ့ သူရပ်တည်နေတဲ့ နေရာကိုရောက်ဖို့ အခက်အခဲပေါင်းများစွာ၊ နာကျင်မှုပေါင်းများစွာကို ကောင်လေးက ကျော်ဖြတ်ခဲ့ရတယ်။

သူရဲ့ ပထမဆုံးစွန့်လွှတ်အနစ်နာခံမှုက အသက် (၁၃)နှစ်မှာ စတယ်။ ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးကျပ်တည်းချိန် ဖြစ်တဲ့ ၂၀၀၀ ခုနှစ်ကျော်ကာလတွေမှာ သူရဲ့မိသားစုဟာ များလွန်းတဲ့ ပါးစပ်ပေါက်တွေကို အစာကျွေးနိုင်ဖို့ အတော်ရုန်းကန်ခဲ့ရတယ်။ အဲဒါတွေကို ကြည့်ရင်း အသက် (၁၃)နှစ်သာရှိသေးတဲ့ ကောင်လေးက ဆုံးဖြတ်ချက်ချလိုက်တယ်။ သူ့မိသားစုကို ဆင်းရဲတွင်းထဲကနေ သူကိုယ်တိုင် ဆွဲထုတ်မယ်။

အဲဒီကောင်လေးဟာ တစ်နေ့မှာ ဆိုးလ်မြို့ကို ရောက်လာတယ်။ အနုပညာလောကမှာ နေရာတစ်ခုရဖို့ Audition တစ်ခုကို ဝင်ပြိုင်ခဲ့တယ်။ ကံကောင်းချင်တော့ အဲဒီမှာ အောင်မြင်ပြီး Hip-hop MTV တစ်ခုမှာ Rapper အဖြစ် တစ်ခန်းနှစ်ခန်း သရုပ်ဆောင်ခွင့်ရခဲ့တယ်။ အချိန်ပိုင်း ပုံစံမျိုး ငှားတာသာ ဖြစ်တယ်။

အဲဒီတုန်းက သူ့အကြောင်းကို ကောင်လေးက ပြောပြတယ်။ “ကျွန်တော် ငယ်ငယ်လေးကတည်းက ဂီတကို နှစ်သက်တယ်။ ဒါပေမဲ့ ကျွန်တော်ဟာ ရှက်လွန်းတာကြောင့် ဂီတကို ကြိုက်ကြောင်း မပြောရဲခဲ့ပါဘူး။ ကိုယ့်ကြိုက်တာကို ပြောဖို့ ကျွန်တော်ကြောက်လန့်နေခဲ့တယ်။ ကျွန်တော် တတိယတန်းတက်နေတုန်းမှာပဲ သရုပ်ဆောင် အကယ်ဒမီတစ်ခုမှာ သရုပ်ဆောင်ပညာတွေကို လေ့လာခဲ့ဖူးပါတယ်။ ကျွန်တော် မိသားစုဟာ အဲဒီတုန်းက ဆင်းရဲနွမ်းပါးလွန်းတာကြောင့် ကျွန်တော့်ကို အဒေါ်အိမ်မှာ ပို့ထားခဲ့တယ်။ သရုပ်ဆောင်အကယ်ဒမီက ကျွန်တော် တက်ချင်လို့ တက်ခဲ့ရတာမျိုးမဟုတ်ပါဘူး။ အဒေါ်ရဲ့ သားသမီးတွေတက်လို့ သူတို့ကို အဖော်လုပ်ရင်း ကျွန်တော့်ကိုပါ တက်ခွင့်ပေးခဲ့တာပါ။ တစ်နေ့မှာ အေဂျင်စီတစ်ခုက သီချင်းတစ်ပုဒ်မှာ သရုပ်ဆောင်ဖို့ ကလေး Rapper တွေကို ရှာနေတာ ကျွန်တော် တွေ့တယ်။ ဒါကြောင့် ကျွန်တော် အဲဒီ Audition မှာ ဝင်ပြိုင်ခဲ့တယ်။ ကျွန်တော် အောင်မြင်ပါတယ်။ Hip-hop ဆိုတာကို အဲဒီအချိန်မှာမှ ကျွန်တော် စသိတာပဲ။ အဲဒီ Hip-hop ကပဲ ကျွန်တော့်ကို အဲဒီအေဂျင်စီမှာ သင်တန်းသားဖြစ်အောင် တွန်းအားပေးခဲ့တာပါ”လို့ ကောင်လေးက ပြောပါတယ်။

Hip-hop ကို နှစ်သက်သွားတဲ့ ပေပေရေရေကောင်ကလေးဟာ အဲဒီအေဂျင်စီရဲ့ CEO ကို ချဉ်းကပ်ပြီး သူလည်း အဆိုတော်ဖြစ်ချင်ကြောင်း၊ အဆိုတော်တစ်ယောက်ဖြစ်လာဖို့အတွက် သင်တန်းသားအဖြစ် အေဂျင်စီမှာ သူ့ကို လက်ခံစေလိုကြောင်း ပူဆာပါတော့တယ်။

ကောင်လေးရဲ့ စိတ်ဓာတ်နဲ့ သနားစဖွယ်အမူအရာလေးတွေကို တွေ့ခဲ့မှာတော့ အဲဒီအေဂျင်စီရဲ့ CEO ဟာ ကောင်းပြီ မင်းကို လက်ခံတယ်ဆိုပြီး အဖြေပေးခဲ့ပါတယ်။

“တကယ်ပြောရရင် MTV ရိုက်ပြီးရင် ဘဝဟောင်းကို ကျွန်တော် ပြန်သွားရမှာ။ ဒါပေမဲ့ ကျွန်တော် အဲဒီဘဝဟောင်းကို ပြန်မသွားချင်တော့ဘူး။ ဒါကြောင့် CEO ဆီကို သွားပြီး ‘ကျွန်တော် အဆိုတော်ဖြစ်ချင်ပါတယ်။ ကျွန်တော့်ကို ဒီမှာ သင်တန်းသားအဖြစ် လေ့ကျင့်ခွင့်ပေးပါ’လို့ တောင်းဆိုခဲ့ပါတယ်။ CEO က ‘အိုကေ … ငါတို့ လုပ်ကြတာပေါ့’ လို့ ပြန်ဖြေပါတယ်။ အဲဒီတုန်းက ငယ်သေးပေမယ့် ကျွန်တော့်ရဲ့ဆုံးဖြတ်ချက် ခိုင်မာမှုကို CEO က သဘောကျသွားတယ်လို့ ကျွန်တော်ထင်တယ်”ဆိုပြီး အေဂျင်စီမှာ သင်တန်းသားဖြစ်လာပုံနဲ့ ပတ်သက်ပြီး ကောင်လေးက ပြောပြတယ်။

ဖြစ်ချင်တော့ အဲဒီအေဂျင်စီဟာအဲဒီအချိန်တုန်းက စတင်တည်ထောင်တုန်းဖြစ်နေလို့ စတူဒီယိုခန်းကျဉ်းကျဉ်းလေးမှာ အနုပညာတွေ စုပုံပြီး တစ်ယောက်တစ်လှည့် လေ့ကျင့်ရသလို၊ အေဂျင်စီကလည်း ဒီလောကမှာ စတင်ရုန်းကန်စဖြစ်လို့ သူတို့ကို ကောင်းကောင်းမထောက်ပံ့နိုင်ခဲ့ပါဘူး။

အဲဒီလို စတူဒီယိုခန်းသေးသေးလေးထဲမှာ ရုန်းကန်ရင်း သူဟာ နောက်ကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်။ အဲဒီကောင်လေးဟာ နောက်အနာဂတ်မှာ သူ့ရဲ့ဘဝတစ်လျှောက်လုံး အရင်းနှီးဆုံး၊ ညီအစ်ကိုတွေဖြစ်လာမယ့် ကောင်လေးတစ်ယောက် ဖြစ်ပါတယ်။

အဲဒီကောင်လေးကလည်း သူ့လိုပဲ အေဂျင်စီကို ဝင်လာခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက်က ရွယ်တူတွေ ဖြစ်တယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ ဘယ်တော့မှ သွေးခွဲလို့မရတဲ့ ဆက်ဆံရေးကို တည်ဆောက်ပြီး အကောင်းဆုံးညီအစ်ကို သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြပါတယ်။

သင်တန်းသားဘဝမှာ သူတို့နှစ်ယောက်ဟာ တစ်ချိန်မှာ Super Star တွေ ဖြစ်လာဖို့အတွက် ကြမ်းတမ်းခက်ခဲလွန်းတဲ့ လေ့ကျင့်မှုတွေ မောင်းနှင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။

“သူက အေဂျင်စီမှာ ရွေးချယ်ခံရတုန်းက Underground Hip-hop အဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင် ဖြစ်တယ်။ သင်တန်းသားဘဝမှာ ကျွန်တော်နှစ်ယောက် တစ်ခါတလေ ရန်ဖြစ်တာတွေ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ တခြားသူတွေ မရှိဘူး။ ကျွန်တော့်အတွက် သူပဲ ရှိသလို၊ သူ့အတွက်လည်း ကျွန်တော်ပဲ ရှိတယ်။ ကျွန်တော်တို့ဟာ သာမန်ကလေးတွေလို ကျောင်းသားဘဝဆိုတာမျိုး မရခဲ့ကြပါဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့ ငယ်ဘဝအမှတ်တရတွေအားလုံးဟာ သူနဲ့ချည်းပါပဲ”လို့ သူငယ်ချင်းကောင်းတစ်ယောက်နဲ့ တွေ့ခဲ့တာကို နွမ်းပါးတဲ့ ကောင်လေးက ပြောပါတယ်။

အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ သူတို့ထက် အသက် (၁)နှစ်လောက်ပိုကြီးတဲ့ ကောင်လေးတစ်ယောက်နဲ့ ထပ်တွေ့ပါတယ်။ သူကလည်း သူတို့အေဂျင်စီကို Rapper တစ်ယောက်အနေနဲ့ လာရောက်ပူးပေါင်းတာပါ။

ကောင်လေး (၃)ယောက်ဟာ လုံးဝကို ခွဲလို့မရတဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်လာခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ (၃)ဦးဟာ တစ်နေ့မှာ Kpop လောကမှာ ထာဝရအအောင်မြင်ဆုံး အဖွဲ့ဖြစ်လာမယ်ဆိုတာကို သိနေခဲ့ကြပြီးသားပါ။

၂၀၀၆ ခုနှစ်မှာတော့ အခုကျွန်တော် ပြောနေတဲ့ ပုံပြင်လေးထဲက ကောင်လေးဟာ အခု Kpop လောကရဲ့ Legendary အဖွဲ့ဖြစ်တဲ့ ကမ္ဘာကျော်ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ BIG BANG နဲ့ ပွဲထွက်ခဲ့ပါတယ်။

သူ့ရဲ့ အကောင်းဆုံးသူငယ်ချင်းကတော့ ဒီနေ့ တစ်ကမ္ဘာလုံးက G-Dragon လို့ သိကြတဲ့ Kwon Ji Yong ပါ။ တတိယမြောက် သင်တန်းသားကတော့ T.O.P ဖြစ်ပါတယ်။

ကျွန်တော် ပြောနေတဲ့ ပုံပြင်လေးထဲက ဇာတ်လိုက်ကတော့ Taeyang လို့ သိထားကြတဲ့ Dong Yongbae ပါ။ Taeyang ဟာ ဒီနေ့သူရပ်တည်နေတဲ့ အဆင့်ကို ရောက်လာအောင် ခက်ခဲပင်ပန်းစွာနဲ့ တည်ဆောက်ခဲ့ရပါတယ်။

သူဟာ သူ့အိပ်မက်တွေအတွက် မိဘတွေရဲ့ စောင့်ရှောက်မှုကို ကောင်းကောင်းခံပြီး ကျောင်းတက်ကာ တခြားကလေးတွေလို သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာကစားနေရမယ့် အချိန်မှာ YG ရဲ့ စတူဒီယိုခန်းလေးလေးထဲမှာ ဘဝအမောတွေကို သက်ပြင်းတွေနဲ့အတူ မှုတ်ထုတ်ရင်း၊ ဆာလောင်နေတဲ့ဗိုက်ကို တစ်နေ့အောင်မြင်လာမှာပါဆိုတဲ့ အတွေးတွေနဲ့ ဖြေသိမ့်ရင်း နုနယ်လွန်းတဲ့ဆယ်ကျော်သက်အရွယ်မှာပဲ ဘဝပေးအလျှောက် ရင့်ကျက်စွာနဲ့ အခက်အခဲတွေ၊ ဒုက္ခတွေကို ကျော်ဖြတ်ခဲ့ရပါတယ်။

အခုတော့ Taeyang ဟာ ကမ္ဘာကျော်မဂ္ဂဇင်း Forbes က ဖော်ပြတဲ့ အချမ်းသာဆုံးကိုရီးယား အနုပညာရှင်စာရင်းမှာ ပါဝင်နေပါပြီ။ ပြီးတော့ Kpop လောကမှာ လူတိုင်းလေးစားရတဲ့ အနုပညာရှင်တစ်ဦးအဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါပြီ။

ဘဝဆိုတာ ပန်းခင်းလမ်းချည်းမဟုတ်ပါဘူး။ ဒီလိုပဲ အခက်အခဲတွေကို ကျော်လွှားရင်း၊ အံကြိတ်ခံရင်းနဲ့ ဘဝကို တည်ဆောက်ခဲ့ရတာပါ။ Taeyang ရဲ့ ကြိုးစားမှု၊ အနစ်နာခံမှုတွေကို အတုယူရင်း ကိုယ့်ဘဝကို လှပအောင် တည်ဆောက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

– Cj
via Koreaboo

You cannot copy content of this page