SPORTS

■ ချယ်လ်ဆီးမှာ ဆက်နေ၊ မနေကို နည်းပြ တူဟယ်လ် ပြောပြီ

ချယ်လ်ဆီးနည်းပြ တူဟယ်လ်က မိမိအနေဖြင့် အသင်းတွင် ဆက်ရှိနေမည်ဖြစ်ပြီး ဗြိတိန်အစိုးရ၏ အရေးယူပိတ်ဆို့မှုများကြောင့် ဖြစ်ပေါ် ခဲ့သည့် ထိခိုက်နစ်နာမှုများကို ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားအစိုးရ၏ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ် ဆင်နွှဲမှုကြောင့် ဗြိတိန်အစိုးရသည် ရုရှားသမ္မတ ပူတင်နှင့် ရင်းနှီးသည့် ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ရာ ချယ်လ်ဆီးအသင်းမှာလည်း ယင်းဒဏ်ကို များစွာခံခဲ့ရသည်။

ဗြိတိန်အစိုးရ၏ အရေးယူပိတ်ဆို့မှုများကြောင့် ချယ်လ်ဆီးအသင်းမှာ ကစားသမား ခေါ်ယူခြင်း၊ အသင်းရှိကစားသမားများကို စာချုပ်သက်တမ်းတိုးခြင်းများကို ဆောင်ရွက်နိုင်ခြင်းမရှိဘဲ အဓိက ကစားသမားများဖြစ်သည့် ရူဒီဂါနှင့် ခရစ္စတန်ဆန်တို့ကို လက်လွှတ်ခဲ့ရသည်။

ချယ်လ်ဆီးအသင်း၏ ပိုင်ရှင်အပြောင်းအလဲလုပ်ငန်းစဉ်များမှာ လက်ရှိအချိန်ထိ ဆောင်ရွက်နေဆဲဖြစ်ပြီး ဗြိတိန်အစိုးရအနေဖြင့် အမေရိကန်စီးပွားရေးလုပ်ငန်းရှင် တော့ဒ်ဘိုလီဦးဆောင်သော ရင်းနှီးမြှုပ်နှံမှုအစည်းအဖွဲ့အစည်းက ချယ်လ်ဆီးအသင်းအား ဝယ်ယူမှုကိုခွင့်ပြုပေးရန်အသင့်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေသည်။

တူဟယ်လ်က ယင်းကိစ္စအဆင်ပြေရန် မျှော်လင့်ကြောင်းနှင့် မိမိအနေဖြင့် အသင်းတွက် ဆက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းသည်။

တူဟယ်လ်က ”အရောင်းအဝယ်ကိစ္စအမြန်ဆုံး အဆုံးသတ်စေချင်ပါတယ်။ အခုအချိန်မှာ ကျွန်တော် ကတိပေးနိုင်တာက ဒီမှာ ကျွန်တော် ရှိနေမယ်ဆိုတာပါပဲ။ ဘယ်လိုပဲဖြစ်လာလာ ကျွန်တော့်အနေနဲ့ အကောင်းမြင်စိတ်နဲ့ ဒီမှာ ရှိနေမှာဖြစ်ပြီး ပိတ်ဆို့အရေးယူမှုမှာ ထိခိုက်နစ်နာcခဲ့တာတွေကို ပြန်လည်ပြုပြင်သွားမှာပါ”ဟု ဆိုခဲ့သည်။

 

You cannot copy content of this page