SPORTS

■ အနာဂတ်ကို ဒီနေ့ ဆုံးဖြတ်မယ့် ဘာပေ

PSG အသင်း၏ ပြင်သစ်လက်ရွေးစင် ကြယ်ပွင့်တိုက်စစ်မှူး ဘာပေအနေဖြင့် ၎င်း၏အနာဂတ်ကို တနင်္ဂနွေနေ့ (ဒီနေ့) တွင် ကြေညာမည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံထုတ် L’Equipe သတင်းစာက ဖော်ပြခဲ့သည်။

ဘာပေ (၂၃ နှစ်) နှင့် PSG အသင်း၏ စာချုပ်သက်တမ်းမှာ ယခုရာသီကုန်တွင် ကုန်ဆုံးတော့မည်ဖြစ်ပြီး အနာဂတ်နှင့်ပတ်သက်၍ ခန့်မှန်းသတင်းများစွာ ထွက်ပေါ် လျက်ရှိသည်။ PSG အသင်းသည် ရာသီပိတ် ပွဲစဉ်အဖြစ် စနေနေ့ (ယနေ့) ညပိုင်းတွင် မက်ဇ်အသင်းနှင့် အိမ်ကွင်းပွဲစဉ်ကစားရမည် ဖြစ်ပြီး ဘာပေအနေဖြင့် နောက်တစ်ရက်ဖြစ်သည့် တနင်္ဂနွေနေ့တွင် Telefoot ရုပ်သံအစီအစဉ်၌ ၎င်း၏အနာဂတ်ကို ထုတ်ဖော်ကြေညာရန် စီစဉ်ထားကြောင်း L’Equipe သတင်းစာက ဖော်ပြခဲ့သည်။

Telefoot ၏ ရုပ်သံအစီအစဉ်ကို ဒေသစံတော်ချိန် နံနက် ၁၁ နာရီ (မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲ) တွင် ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။ ဘာပေသည် သောကြာနေ့ကပြုလုပ်သည့် လေ့ကျင့်ခန်းအစီအစဉ်တွင် အသင်းဖော်များနှင့်အတူ လေ့ကျင့်နိုင်ခြင်းမရှိသောကြောင့် ယနေ့ကစားမည့် ရာသီပိတ်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေကြောင်းလည်းသိရသည်။

ဘာပေ၏အနာဂတ်မှာ ယခုအချိန်အထိ မရေရာသေးဘဲ မိသားစုဝင်များနှင့်အတူ ဆွေးနွေးမည်ဖြစ်ပြီး ရီးယဲလ်မက်ဒရစ် သို့မဟုတ် PSG အသင်းတွင်ကစားရန် အပြီးသတ် မဆုံးဖြတ်ရသေးကြောင်း အပြောင်းအရွှေ့ကျွမ်းကျင်သူ အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက Twitter တွင် ရေးသားထားသည်။ ထို့ပြင် ဘာပေကိုယ်တိုင်ကလည်း ပြင်သစ်လက်ရွေးစင်အသင်းနှင့် သွားရောက်မပူးပေါင်းမီ အနာဂတ်ကို ကြေညာမည်ဖြစ်ကြောင်း ပြောကြားထားသည်။

“ဇွန်လမှာ ပြင်သစ်လက်ရွေးစင်အသင်း နဲ့ သွားရောက်မပူးပေါင်းခင် အနာဂတ်အတွက် ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကို တရားဝင်ကြေညာမှာပါ။ သိပ်မကြာခင်ရက်တွေမှာ တရားဝင် သိရတော့မှာပါ” ဟု ၎င်းက ဆိုသည်။ ဘာပေအနေဖြင့် PSG အသင်းနှင့် စာချုပ်သက်တမ်း သက်တမ်းတိုးသွားမည်ဟု တွင်တွင်ကျယ်ကျယ်ဖော်ပြလျက်ရှိသည်။

You cannot copy content of this page