စတိတ်ပြင်ပမှာ ဆိတ်ဆိတ်နေသူတွေသာ ဆုလာဘ်တွေ ရတတ်တဲ့ K-Pop ကမ္ဘာမှာ Sulli ဟာ သူပုန် ဖြစ်တယ်။
Sulli က နာမည်ကျော် အဆိုတော်-မင်းသမီးတစ်ဦးဖြစ်ပြီး f(x) အဖွဲ့နဲ့အတူ နာမည် စကျော်လာတာပါ။ ဒါပေမဲ့ Sulli က စိတ်ကျန်းမာရေးအကြောင်းတွေ ပြောတယ်။ Cyberbullying အကြောင်းတွေ ပြောတယ်။ အမျိုးသမီးအခွင့်အရေး အကြောင်းတွေ ပြောတယ်။
သူ ပြောတာတွေအားလုံးက ခေတ်မီတိုးတက်လွန်းပါတယ်ဆိုတဲ့ တောင်ကိုရီးယားမှာတော့ အရမ်းကို Sensitive ဖြစ်တဲ့ ပြဿနာတွေ ဖြစ်နေတယ်။
၂၀၁၉ အောက်တိုဘာ (၁၄)ရက်နေ့မှာတော့ Sulli ဟာ ချစ်ခင်ရသူတွေကို ထားခဲ့ပြီး လူ့လောကကို အပြီးတိုင် နှုတ်ဆက်သွားတယ်။ အဲဒီတုန်းက သူ့အသက် (၂၅)နှစ်ပဲ ရှိသေးတာပါ။ သူ့ပရိသတ်တွေကတော့ Sulli ကို အမှန်တွေ ပြောတတ်လွန်းတဲ့ ကောင်မလေးတစ်ယောက်အဖြစ် အမှတ်ရကြပါလိမ့်မယ်။
ဂီတဝေဖန်သူတစ်ဦးကတော့ “သူက ရယ်ချင်တဲ့အခါ ရယ်ပြီး ငိုချင်တဲ့အခါ ငိုတယ်။ ပြောစရာရှိတာကို ရှက်မနေဘူး။ အားနာမနေပါဘူး။ ရဲရဲဝံ့ဝံ့ ပြောတတ်တယ်။ သူ အယောင်ဆောင် ပုံသွင်းလောကနဲ့ အံ့မဝင်သူပါ”လို့ ဆိုတယ်။
– သင်တန်းသူဘဝမှသည် ကြယ်ပွင့်အဖြစ်သို့
Sulli ရဲ့ နာမည်ရင်းက Choi Jin-ri ပါ။ Sulli ဟာ အသက် (၁၁)နှစ်အရွယ်မှာ ကိုရီးယား ဖျော်ဖြေရေးလောကကို စတင်ဝင်ရောက်ခဲ့တယ်။
တောင်ကိုရီးယားရဲ့ အကြီးဆုံးဖျော်ဖြေရေး အေဂျင်စီတွေက တစ်ခုဖြစ်တဲ့ SM Entertainment မှာ သူ Audition ဝင်ခဲ့တယ်။ အောင်လည်း အောင်မြင်ခဲ့တယ်။ ၂၀၀၉ ခုနှစ်မှာတော့ f(x) အဖွဲ့ဝင်အဖြစ် Sulli ပွဲထွက်ခဲ့တာပါ။
ကောင်မလေး (၅)ယောက်နဲ့ ဖွဲ့စည်းထားတဲ့ f(x) အဖွဲ့ဟာ Pinocchio ဆိုတဲ့ Album နဲ့ ပွဲထွက်ခဲ့ပြီး သူတို့ရဲ့ ပွဲထွက် Album ဟာ ကိုရီးယားဂီတ Chart တွေကို လွှမ်းမိုးနိုင်ခဲ့တယ်။ အချိန်တိုအတွင်းမှာပဲ f(x) အဖွဲ့ဟာလည်း ထိပ်တန်း K-Pop အဖွဲ့တစ်ဖွဲ့ ဖြစ်လာခဲ့တယ်။
“f(x) အဖွဲ့ဟာ K-Pop မှာ ဂီတပုံစံအသစ်တွေကို ဖန်တီးနိုင်ဆုံးအဖွဲ့တွေထဲက တစ်ဖွဲ့ပါ။ သူတို့က genre-spanning ဂီတကို အသုံးပြုတဲ့အဖွဲ့ထင်ရှားပြီး သူတို့ရဲ့ သီချင်းတွေက နားစွဲလွယ်တယ်။ အရမ်းလည်း မိုက်တယ်”လို့ K-Pop စာရေးဆရာ Joshua Calixto က ဆိုတယ်။
f(x) က ၂၀၁၃ မှာ အမေရိကန်ဂီတပွဲတစ်ခုဖြစ်တဲ့ South by Southwest (SXSW) မှာ ပါဝင်ဖျော်ဖြေခွင့် ရခဲ့ပြီး နိုင်ငံတကာမှာပါ နာမည်ကျော်ကြားတဲ့ အဖွဲ့တစ်ဖွဲ့လည်း ဖြစ်တယ်။
၂၀၁၄ ခုနှစ်မှာတော့ Sulli ဟာ ဖျော်ဖြေရေးလောကကနေ ခေတ္တအနားယူခဲ့ရတယ်။ SM Entertainment ကတော့ Sulli ဟာ မဟုတ်မမှန်သတင်းတွေ၊ အွန်လိုင်းမှာ ပရိသတ်တွေရဲ့ ကြမ်းတမ်းတဲ့ ဆဲဆိုဝေဖန်မှုတွေကြောင့် စိတ်ရော ကိုယ်ပါ ထိခိုက်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့တယ်။
Sulli ဟာ ၂၀၁၅ မှာတော့ f(x) အဖွဲ့ကနေ တရားဝင်နုတ်ထွက်လိုက်ပြီး သရုပ်ဆောင်ပိုင်းကိုပဲ အားစိုက်လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ၂၀၁၈ မှာ အဆိုဘက် ပြန်လှည့်ခဲ့ပြီး solo debut single အဖြစ် Goblin ဆိုတဲ့ သီချင်းကို ထုတ်ဝေခဲ့တာပါ။ အဲဒီသီချင်းမှာ Sulli က တစ်ယောက်တည်းပေမဲ့ စိတ်ထဲမှာ သုံးယောက်လောက် ဖြစ်နေတာကို သရုပ်ဆောင်ပြထားတယ်။
The Night of Hate Comments ဆိုတဲ့ အစီအစဉ်မှာ Sulli က အွန်လိုင်းက အနိုင်ကျင့်ခံရမှုတွေ၊ အမုန်းစကားအပြောခံရတာတွေကို ပြောလေ့ရှိတယ်။
– ရုန်းကန်ရမှုနဲ့ အပြစ်ပြောခံရမှု
K-Pop Idol တွေက သူတို့ဘဝကိုရော၊ သူတို့ ဘာတွေ တွေးနေတယ်ဆိုတာကိုပါ ထုတ်ပြောလေ့မရှိဘူး။ အရမ်း Private ဆန်တယ်လို့ ပြောနိုင်တယ်။ ဒီလိုလောကမျိုးမှာ Sulli ကို ခံစားချက်တွေ ပွင့်ထွက်သွားအောင် ဘယ်အရာကများ လုပ်ဆောင်ခဲ့တာပါလဲ။
K-Pop Industry က Idol တွေကို ပြစ်မျိုးမဲ့ထင်ပုံရိပ်ကို ထိန်းသိမ်းဖို့ ဖိအားပေးလေ့ရှိတယ်ဆိုတာကို K-Pop ကို စိတ်ဝင်စားသူတိုင်း သိကြမှာပါ။
“K-Pop အနုပညာရှင်တွေကို ကိုရီးယားမှာ ‘idols’ လို့ ခေါ်တယ်။ ဘာကြောင့် ဒီလိုခေါ်တာလဲဆိုတော့ သူတို့က လူတွေအတွက် စံပြဖြစ်ရမယ်။ စတိတ်စင်ပေါ်မှာသာမက လူနေမှုဘဝမှာ သူတို့က စင်လုံးချောတွေ၊ ပြီးပြည့်စုံတဲ့သူတွေ ဖြစ်ရမယ်လို့ ဆိုလိုတာပါ” လို့ K-pop အကြောင်းတွေရေးတဲ့ Jeff Benjamin က ဆိုတယ်။
(ဆပ်လက်ဖော်ပြပါမည်)
Source: BBC