K pop

■ K-Pop ကမ္ဘာနဲ့ တိုက်ခိုက်ခဲ့တဲ့ အဖြူရောင် နှင်းဆီ (သို့) Sulli (၂)

စတိတ်ပြင်ပမှာ ဆိတ်ဆိတ်နေသူတွေသာ ဆုလာဘ်တွေ ရတတ်တဲ့ K-Pop ကမ္ဘာမှာ Sulli ဟာ သူပုန် ဖြစ်တယ်။

၂၀၁၉ အောက်တိုဘာ (၁၄)ရက်နေ့မှာတော့ Sulli ဟာ ချစ်ခင်ရသူတွေကို ထားခဲ့ပြီး လူ့လောကကို အပြီးတိုင် နှုတ်ဆက်သွားတယ်။ အဲဒီတုန်းက သူ့အသက် (၂၅)နှစ်ပဲ ရှိသေးတာပါ။ သူ့ပရိသတ်တွေကတော့ Sulli ကို အမှန်တွေ ပြောတတ်လွန်းတဲ့ ကောင်မလေးတစ်ယောက်အဖြစ် အမှတ်ရကြပါလိမ့်မယ်။

ဂီတဝေဖန်သူတစ်ဦးကတော့ “သူက ရယ်ချင်တဲ့အခါ ရယ်ပြီး ငိုချင်တဲ့အခါ ငိုတယ်။ ပြောစရာရှိတာကို ရှက်မနေဘူး။ အားနာမနေပါဘူး။ ရဲရဲဝံ့ဝံ့ ပြောတတ်တယ်။ သူ အယောင်ဆောင် ပုံသွင်းလောကနဲ့ အံ့မဝင်သူပါ”လို့ ဆိုတယ်။

-Sulli က အဲဒီသတ်မှတ်ချက်အတိုင်း မနေနိုင်ဘူး။

“ကိုရီးယားတွေရဲ့ သတ်မှတ်ချက်က အမျိုးသမီး K-Pop ကြယ်ပွင့်တွေက လူတွေအမြင်မှာ နာခံတတ်ရမယ်။ ပြီးတော့ သူတို့အနေနဲ့ ချစ်စရာ ကောင်းရမယ်။ လှရမယ်။ Sulli က အဲဒီသတ်မှတ်ချက်တွေနဲ့ အံ့မဝင်ဘူး။ Sulli က သူ ကြုံတွေ့ရတာတွေ ပြောမယ်။ မှန်တယ်လို့ ထင်တာတွေကို အားလုံးကြားအောင် ပြောတတ်တယ်” လို့ တောင်ကိုရီးယား K-Pop ဝေဖန်သူ Kim Yoonha က ဆိုတယ်။

Sulli က သူ့အနေနဲ့ စိတ်ကျန်းမာရေးပြဿနာတွေကြောင့် ရုန်းကန်နေရတဲ့ အကြောင်းတွေ ပြောတယ်။ အွန်လိုင်းက အနိုင်ကျင့်ခံရတာတွေကို ပြောတယ်။ သူ့ရဲ့ အချစ်ရေးအထိတောင် Sulli က ထုတ်ပြောတယ်။ K-Pop ကြယ်ပွင့်တွေကို အေဂျင်စီတွေကို သူတို့ရဲ့ Dating သတင်းတွေ မပြောရဘူးလို့ ပိတ်ထားတာ များပါတယ်။

ပြီးတော့ Sulli က အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်တယ်။ အမျိုးသမီးတွေက သူတို့ ဝတ်ချင်တာ ဝတ်ခွင့်ရှိရမယ်လို့ ဆိုတယ်။ သူကိုယ်တိုင်က အများပြည်သူမြင်ကွင်းမှာ Bra မဝတ်လို့ အပြင်းအထန် ဝေဖန်ခံရတယ်။

“ကျွန်မ ပထမဆုံး ‘no bra’ ဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက်မှာ ပို့စ်တင်တော့ လူတိုင်းက အဲဒါကို ဝိုင်းပြောကြတယ်။ ကျွန်မဖြင့် ကြောက်လွန်းလို့ အဲဒီပို့စ်ကို ဖျက်ပစ်ဖို့ စဉ်းစားခဲ့တာလည်း အကြိမ်ကြိမ်ပါပဲ။ ဒါပေမဲ့ ကျွန်မ မလုပ်နိုင်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒါနဲ့ပတ်သက်ပြီး အဆိုးမြင်နေတဲ့ လူတွေရဲ့ အမြင်ကို ကျွန်မ ပြောင်းချင်တာကို။ ပြီးတော့ ကိုယ်တိုင်ကလည်း ဒါက ပြဿနာကြီးမှာ မဟုတ်တာ ဆိုပြီး တွေးမိတယ်”လို့ Night of Hate Comments အစီအစဉ်မှာ Sulli က ပြောပြတယ်။

အဲဒီပြောဆိုမှုတွေအတွက် Sulli ဟာ အွန်လိုင်းမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံခဲ့ရတယ်။ ကိုရီးယားတွေက သူ့ရဲ့ လုပ်ရပ်တွေကို အရှုပ်ထုတ်လို့ မြင်ကြတယ်။ သူ့ရဲ့ပြောဆိုမှုတွေ၊ ပို့စ်တွေကအစ ဘာတစ်ခု မကောင်းဘူးလို့ ဆိုကြတယ်။

“Sulli ကို ဝေဖန်တိုက်ခိုက်သူတွေ အရမ်းများပါတယ်။ လူမှုကွန်ရက်မှာ သူ့အနေနဲ့ အပြစ်ကင်းစင်တဲ့ ပုံတွေတင်တာတောင် ဝေဖန်ခံရသလို၊ ရည်းစားသူဖြစ်သူနဲ့ ပုံတင်တော့လည်း အရှုပ်တွေ လုပ်ပြန်ပြီဆိုပြီး အပြောခံရတယ်” လို့ Calixto က ပြောတယ်။

ဒါပေမဲ့ Sulli က သူ့ရဲ့ ယုံကြည်မှုအတွက် တိုက်ပွဲဝင်တယ်။ Haters တွေနဲ့ သူ့ရဲ့ပါးစပ်ကို ပိတ်ခွင့်မရှိဘူးလို့ ဆိုတယ်။

“သူက သူ့ယုံကြည်မှုအတွက် တိုက်ပွဲဝင်တယ်။ ရဲဝံ့စွာ ပြောဆိုတယ်။ သူက ဘယ်သူ့ကို မတိုက်ခိုက်ဘူး။ ယုံကြည်မှုအတွက် သတ္တိရှိရှိနဲ့ သူ့ရဲ့ဘဝကို စွန့်စားပြီး Sulli ဟာ အခွင့်အရေးတွေအတွက် ပြောဆိုခဲ့တာပါ” လို့ Kim Yoonha က ဆိုတယ်။

– စစ်မှန်တဲ့ လမ်းသစ်ဖောက်သူ

၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၁၄)ရက်၊ တနင်္လာနေ့မှာတော့ Sulli ကို သူ့ရဲ့ နေအိမ်မှာ သေဆုံးလျက် တွေ့ရှိခဲ့တယ်။ တစ်စုံတစ်ဦးက တိုက်ခိုက်တာမျိုး မဟုတ်ဘူးလို့ ရဲတွေက ဆိုတယ်။ သူနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေကတော့ Sulli ဟာ မကွယ်လွန်မီမှာ စိတ်ကျရောဂါ ပြင်းပြင်းထန်ထန်ခံစားခဲ့တယ်လို့ ပြောကြတယ်။

Sulli ကွယ်လွန်ပြီးနောက်မှာ K-Pop Idol များစွာ သူတို့ ခံစားနေရတဲ့ ဖိအားတွေ၊ K-Pop industry မှာ Idol တွေအနေနဲ့ အကူအညီ လိုအပ်နေတဲ့အကြောင်းတွေကို ပြောကြတယ်။

Shinhwa အဖွဲ့ဝင် Kim Dong Wan က သူ့ရဲ့ Instagram မှာ “K-Pop ကြယ်ပွင့်တွေဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး နာကျင်စရာတွေနဲ့ တိုက်ပွဲဝင်နေရတယ်။ နာကျင်မှုတွေကို ပွေ့ပိုက်ရင်း အလုပ်တွေ ဆက်လုပ်နေရတယ်။ ဒါတွေအားလုံးဟာ ကျော်ကြားမှုနဲ့ ပိုက်ဆံတွေအတွက်ပါပဲ”လို့ ရေးသားခဲ့တယ်။

Sulli ရဲ့ အသုဘကို သူ့ရဲ့မိသားစု၊ f(x) အဖွဲ့ဝင်တွေနဲ့ အနုပညာရှင်တွေ တော်တော်များများ တက်ရောက်ကြတယ်။ ကနဦးမှာ မီဒီယာနဲ့ ပရိသတ်တွေကို ပိတ်ထားပေမဲ့ SM Entertainment က နောက်ပိုင်းမှာ ဖွင့်ပေးခဲ့လို့ Sulli ကို နှုတ်ဆက်ခွင့်ရခဲ့ကြတယ်။ ထောင်ပေါင်းများစွာသော သူ့ရဲ့ ပရိသတ်တွေက အွန်လိုင်းမှာ နှုတ်ဆက်စာတွေ ရေးသားကြတယ်။ သူ့ရဲ့ ရဲရင့်မှုကို ချီးကျူးကြတယ်။

“သူ တိုက်ပွဲဝင်ခဲ့တဲ့ အရာတွေအတွက် Sulli ကို ပိုပြီး သတိရကြရအောင်ပါ” လို့ Twitter မှာ တစ်ယောက်က ရေးတယ်။ “ကိုရီးယားမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ပြောတဲ့ အနည်းငယ်သော နာမည်ကျော်တွေထဲမှာ Sulli က ထိပ်ဆုံးက ပါဝင်သူပါ။ သူဟာ စစ်မှန်တဲ့ လမ်းသစ်ဖောက်သူ တစ်ယောက်ပါပဲ”လို့ တစ်ယောက်က ရေးတယ်။

“အမျိုးသမီးအခွင့်အရေးကို အားပေးတဲ့ လူတွေက Sulli ကို တစ်နည်းမဟုတ် တစ်နည်းနဲ့ အားပေးကြတယ်လို့ ကျွန်မ ထင်တယ်။ အခုဆိုရင် ကိုရီးယားအမျိုးသမီး တော်တော်များများက သူရဲ့ ဆန္ဒတွေ၊ အခွင့်အရေးအတွက် ပြောဆိုလာကြပြီ။ အခုအချိန်မှာ အဲဒါတွေကို Sulli မကြားနိုင်တော့ပေမဲ့ ဒါက သူ့အတွက် နည်းနည်းလေးတော့ ဖြေသိမ့်ရဖြစ်လိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်”လို့ Kim Yoonha က ဆိုတယ်။

Source: BBC

You cannot copy content of this page