K pop

■ အိပ်မက်တွေရှိနေသရွှေ့ ကျွန်တော် ပြုံးနေဦးမယ် (၂)

– – – ဖြစ်ချင်စိတ်များလာလေ အိပ်မက်တွေက ကြီးလာလေပါပဲ။ အိပ်မက်တွေကြီးလာတဲ့အခါ ယုံကြည်မှုဖြစ်လာတယ်။ အဲဒီယုံကြည်မှုကြောင့် ကျွန်တော် ပြုံးနေတယ်။

မျှော်လင့်ချက်တွေက အောင်မြင်မှုတွေဆီလျှောက်လှမ်းဖို့ ကျွန်တော့်ကို ခွန်အားပေးတယ်။ ပြီးတော့ အိပ်မက်တွေက ကျွန်တော့်ကို ပြုံးနေအောင် ခွန်အားတွေ ပေးတယ်။

အိပ်မက်တွေအတွက် အမြဲတမ်းပြုံးနေတတ်သူ Dae Sung ဟာ အခက်အခဲတွေကို အပြုံးတွေနဲ့ ဖုံးထားတတ်သူ ဖြစ်တယ်။ YG မှာ အောက်ခြေသိမ်းအလုပ်တွေကအစ လုပ်ရင်း နိမ့်ချစွာနဲ့ အိပ်မက်တွေ အကောင်အထည် ပေါ်လာမယ့်တစ်နေ့ကို စိတ်ကူးယဉ်ရင်း Dae Sung အကောင်းဆုံးကျော်ဖြတ်ခဲ့တယ်။

YG မှာ Dae Sung ဟာ ကိုယ့်ကိုယ်ကို ဘယ်လောက်နိမ့်ချပြီး နေခဲ့တယ်ဆိုတာ ဒီအချက်က သက်သေခံနေပါတယ်။ တစ်နေ့မှာ YG ကို စရောက်လာတဲ့ Seungri နဲ့ Dae Sung တို့ ဆုံတွေ့ခဲ့တာပါ။ အဲဒီအချိန်မှာ Dae Sung က အဝတ်အစားနွမ်းနွမ်းပါးပါးနဲ့ ရေဘူးတွေကို လိုတဲ့နေရာလိုက်ပို့နေတဲ့ အချိန်ဖြစ်ပြီး အဲဒီမှာ Seungri က Dae Sung ကို ကြည့်ရင်း ရေဘူးလာပို့တဲ့အလုပ်သမားလို့ပဲ ထင်ခဲ့ဖူးတယ်လို့ ရသစုံလင်အစီအစဉ်တစ်ခုမှာ ပြောပြခဲ့ဖူးပါတယ်။

YG က ရုပ်ရည်ထက် အရည်အချင်းကို ပိုဦးစားပေးတယ်လို့ K-pop လောကမှာ နာမည်ကြီးပါတယ်။ အဲဒီထဲမှာမှ Dae Sung ကို အရုပ်ဆုံးဆိုပြီး YG မှာရှိတဲ့လူတွေအားလုံး(အောက်ခြေသိမ်းအလုပ်သမားတွေကအစ) သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ Dae Sung က တခြားတစ်ဖက်မှာ BIGBANG အဖွဲ့ဝင်တွေအားလုံးထက် စန်းပွင့်လွန်းနေပြန်ပါတယ်။ ကျောင်းသူလေးတွေဟာ Dae Sung ကို အရမ်းသဘောကျကြပြီး သင်တန်းသားဘဝကတည်းက Dae Sung ကို လက်ဆောင်တွေ၊ စားစရာတွေ လာပေးပြီး အားပေးလေ့ရှိပါသတဲ့။

“YG က ရုပ်ရည်ကို အဓိကမထားဘူးဆိုပြီး ပြောတာတွေ ရှိတယ်လေ။ ဒါကြောင့် အေဂျင်စီနဲ့ ချိတ်ဖို့စဉ်းစားကတည်းက YG ကို ရွေးမယ်ဆိုပြီး ကျွန်တော် စဉ်းစားခဲ့တာပါ။ ဘာလို့လဲဆိုတော့ ရုပ်ရည်ကို သိပ်မလေးမထားဘူးဆိုလို့ပေါ့” ဆိုပြီး Dae Sung က ရယ်ရင်းပြောပါတယ်။

Dae Sung ဟာ သူ့အိပ်မက်ကို ဖခင်ဖြစ်သူရဲ့ကန့်ကွက်မှုကြောင့် လက်မလျှော့ခဲ့သလို၊ ဖခင်ဖြစ်သူ တက်စေချင်တဲ့ ကျောင်းကိုလည်း တက်ရောက်ခဲ့ပါတယ်။ အချိန်မရပေမယ့် Dae Sung က အိပ်ချိန်တွေ၊ နားချိန်တွေလျော့ပြီး ဖခင်ဖြစ်သူတက်စေချင်တဲ့ ပညာရေးကိုလည်း မလစ်ဟင်းအောင် ကြိုးစားခဲ့တာပါ။

Dae Sung ဟာ တစ်ဖက်မှာလည်း သူ့အိပ်မက်ဖြစ်တဲ့ အဆိုတော်ဖြစ်ရေး၊ BIGBANG နဲ့အတူ ပွဲထွက်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ဖခင်ဖြစ်သူက Dae Sung ကို YG ရုံးခန်းမှာ ညမအိပ်ခိုင်းတာကြောင့် ည (၁၁) နာရီ၊ (၁၂)နာရီလောက်မှာ အိမ်ပြန်လေ့ရှိပြီး ရထားပေါ်၊ ကားပေါ် ငိုက်ရင်း၊ အိပ်ရင်း လိုက်ခဲ့ရတဲ့နေ့လည်း မနည်းလှပါဘူး။

အဆိုတော်ဖြစ်ဖို့ လေ့ကျင့်ရာမှာလည်း တစ်ချိန်လုံး သီချင်းချည်းဆိုနေခဲ့တာကြောင့် အသံနာတဲ့အထိ ဖြစ်ခဲ့ပြီး လေ့ကျင့်ပေးတဲ့ဆရာတွေနဲ့ YG CEO Yang Hyun Suk ကိုယ်တိုင် တားခဲ့ရတဲ့အထိပါပဲ။

BIGBANG နဲ့ ပွဲထွက်ခါနီးမှာတော့ Dae Sung ဟာ သူ့အဖေနဲ့ ပြေလည်မှုရခဲ့ပါတယ်။ Dae Sung အဖေဘက်က စိတ်ပူရတဲ့အကြောင်းတွေကလည်း ရှိပါတယ်။ ဂီတနောက်ကိုလိုက်ရင်း အဆိုတော်လည်း မဖြစ်၊ အတန်းပညာလည်း မရှိနဲ့ ဒုက္ခရောက်တဲ့ သာဓကတွေရှိခဲ့တာကြောင့် သားဖြစ်သူကို တားခဲ့တာပါ။ “ကိုယ့်သားသမီး သီချင်းဆိုတာကို မမြင်ချင်တဲ့ မိဘ ဘယ်မှာရှိမလဲ” ဆိုတဲ့ Dae Sung အဖေရဲ့ စကားက ဖခင်တစ်ယောက်ရဲ့ မေတ္တာနဲ့ သူ့သားလေးအပေါ် ချစ်တဲ့စိတ်ကို ပေါ်လွင်စေပါတယ်။

Dae Sung ကလည်း ဖခင်ဖြစ်သူရဲ့ ဆန္ဒကို အိပ်မက်တွေကြောင့် ဆန့်ကျင်ခဲ့ရပေမယ့် အားနာမှုတော့ အမြဲ ရှိနေပါတယ်။ ဒါကြောင့် ဖခင်ဖြစ်စေချင်တဲ့ ကျောင်းစာကို ကြိုးစားသင်ယူခဲ့သလို၊ မတူညီတဲ့ ရည်မှန်းချက်တွေကြောင့် မျက်နှာချင်းဆိုင်ဖို့ ခက်တဲ့ ဖခင်ဖြစ်သူရဲ့ ရုန်းကန်ရမှုတွေကိုကြည့်ရင်း Dae Sung ဟာ နောက်ကွယ်ကနေ အသည်းတွေကွဲခဲ့ရပါတယ်။

ညဖက်မှာ မောမောပန်းပန်းပြန်လာတဲ့ ဖခင်ကို ကြည့်ရင်း ကျခဲ့တဲ့ Dae Sung ရဲ့ မျက်ရည်တွေက အောင်မြင်တဲ့အဆိုတော်ဖြစ်အောင် ကြိုးစားဖို့ အားအင်တွေအဖြစ် ပြောင်းလဲခဲ့ပါတယ်။ “ငါ အောင်မြင်အောင် လုပ်မယ်။ အဖေ့ကို အလုပ်မလုပ်ခိုင်းတော့ဘူး။ တစ်သက်လုံးကျွေးမွေးလာတဲ့ အဖေ့ကို ငါ ကျေးဇူးပြန်ဆပ်မယ်”ဆိုပြီး Dae Sung တွေးခဲ့သလို၊ ဖခင်ဖြစ်သူကိုလည်း မျက်နှာချင်းဆိုင်ဆို ပြောမထွက်မှာစိုးလို့ ဗီဒီယိုမက်ဆေ့ချ်နဲ့ ပြောခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူတို့ သားအဖနှစ်ယောက် သဘောတူညီမှုရခဲ့ပါတယ်။ (Dae Sung သီချင်းဆိုတာကို ဖခင်ဖြစ်သူ သဘောတူအောင် YG က အများကြီးကြိုးစားခဲ့ပါတယ်)

သူ့အိပ်မက်တွေကို နောက်ကို မမောပန်းမှုကင်းမဲ့စွာ လိုက်ခဲ့တဲ့ Dae Sung ဟာ ဒီနေ့မှာတော့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။ သူ့အိပ်မက်တွေကို ဆန့်ကျင်ခဲ့ဖူးတဲ့ ဖခင်ဖြစ်သူကတော့ Dae Sung ရဲ့ အောင်မြင်မှု၊ Show ပွဲတွေကို ကြည့်ရင်း လက်ခုပ်တီးအားပေးခဲ့ပြီးပါပြီး။ အနာဂတ်မှာလည်း အားပေးနေပါလိမ့်မယ်။

– Cj
via BIGBANG Documentary

You cannot copy content of this page