K pop

■ သတင်းစာလိုက်ဖြန့်တဲ့ ကောင်လေးဘဝမှသည် (၂)

အိမ်ပြန်ဘက်စ်ကားခအတွက် ထမင်းတစ်နပ်လျှော့စားခဲ့ရတဲ့ ကောင်လေးတစ်ယောက်ဟာ ဒီနေ့မှာတော့ တောင်ကိုရီးယားရဲ့ ထိပ်တန်းအမျိုးသားအဆိုတော်အဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပါပြီ။ ….

သင်တန်းသားကာလမှာတော့ BigHit Entertainment ရဲ့ CEO ဖြစ်တဲ့ Bang Sihyuk ဟာ Min Yoongi ကို အသစ်ထုတ်မယ့် အမျိုးသားအဆိုတော်ဖွဲ့ထဲမှာ ပါဝင်ခွင့်ပေးမယ်လို့ ကတိပေးခဲ့ပြီး အဲဒီအဖွဲ့ရဲ့အကပိုင်းနဲ့ သီ ချင်းထုတ်လုပ်မှုအပိုင်းတွေကို အကဲဖြတ်ပြီး ပါဝင်ကူညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။

Bang Sihyuk ရဲ့တောင်းဆိုမှုကို Min Yoongi က ကြည်ကြည်ဖြူဖြူလက်ခံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Min Yoongi ဟာ BTS ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်လာမယ့် RM နဲ့ ရင်းနှီးခဲ့ပြီး သူတို့နှစ်ယောက်ဟာ အဲဒီကတည်းက အတူ စား၊ အတူနေဖြစ်ခဲ့ပြီး အိပ်မက်တွေအတွက် လေ့ကျင့်ရင်း အခြားအဖွဲ့ဝင်တွေကို စောင့်မျှော်နေခဲ့ကြပါတယ်။

BigHit Entertainment သင်တန်းသားဖြစ်လာခဲ့ပြီးနောက်မှာတော့ Min Yoongi ဟာ ပိုပြီးရုန်းကန်ခဲ့ရပါတယ်။ သူ့ရဲ့ရွေးချယ်မှုကို သဘောမကျတဲ့ မိဘတွေက လုံးဝမထောက်ပံ့ခဲ့တာကြောင့် Min Yoongi ဟာ ငွေကြေးပိုင်းမှာ အတော်လေးရုန်းကန်ခဲ့ရတာပါ။

အဲဒီနောက်မှာတော့ Min Yoongi ဟာ သူ့ဘဝရပ်တည်နိုင်ရေးအတွက် သတင်းစာဖြန့်ဝေတဲ့အလုပ်ကို လုပ်ခဲ့ ရပါတယ်။ မနက်ပိုင်းမှာ စက်ဘီးလေးတစ်စီးနဲ့ ရပ်ကွက်ထဲမှာ သတင်းစာတွေဖြန့်ဝေနေတဲ့ Min Yoongi ဟာ တစ်နေ့မှာတော့ ကံဆိုးမှုကြီးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြန်ပါတယ်။

အဲဒါကတော့ စက်ဘီးလေးနဲ့ သတင်းစာလိုက်ဝေနေတဲ့ Min Yoongi ကို ကားတစ်စီးက ဝင်တိုက်ခဲ့ပြီး ဘာမှကူညီ ဖော်မှမရဘဲ ထွက်ပြေးခဲ့ပါတယ်။ ဒဏ်ရာတွေရရှိခဲ့ပေမယ့် Min Yoongi ဟာ ဘယ်သူ့ကိုမှ ဖွင့်မပြောရဲခဲ့ပါဘူး။ သူဖွင့်ပြောလိုက်ရင် BigHit က ပွဲထုတ်မယ့် အဆိုတော်အဖွဲ့ထဲမှာ သူမပါမှာ စိုးရိမ်တာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် ဒဏ်ရာတွေနဲ့ နာကျင်မှုများစွာကို သူတစ်ယောက်တည်းကြိတ်ခံစားပြီး လျှို့ဝှက်ထားခဲ့ပါတယ်။ ဒါတွေက နောက်ပိုင်းမှာ Min Yoongi ကို စိတ်ဒဏ်ရာတွေရစေသလို သူရဲ့ကျန်းမာရေးဟာလည်း ဆိုးဆိုးဝါးဝါးထိခိုက်ခဲ့ပါတယ်။

အဲဒီတုန်းက သူခံစားခဲ့ရတဲ့ စိတ်ကျဝေဒနာနဲ့ ပြင်းထန်တဲ့ စိုးရိမ်မှုတွေဟာ ဒီနေ့ထက်ထိ Min Yoongi အပေါ် ရိုက်ခက်မှု တွေရှိနေတုန်းပါပဲ။ ဒီလို အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပေမယ့် Min Yoongi ဆိုတဲ့ကောင်လေးဟာ နောက်ပြန်လှည့်ဖို့၊ လက်လျှော့အရှုံးပေးလိုက်ဖို့ လုံးဝစိတ်မကူးခဲ့ပါဘူး။ ဒါကြောင့်ပဲ ၂၀၁၃ခုနှစ်မှာ အဖွဲ့ဝင် (၇) ယောက်နဲ့ ပွဲထွက်ခဲ့တဲ့ BTS အဖွဲ့မှာ Min Yoongi ဆိုတဲ့ကောင်လေး ပါလာခဲ့တာပါ။ BTS အဖွဲ့နဲ့ ပွဲထွက်တဲ့အခါမှာတော့ Min Yoongi ဟာ သူ့ရဲ့အနုပညာနာမည်ကို Suga ဆိုပြီး ပြောင်းလဲခဲ့ပါတယ်။

BTS နဲ့ ပွဲထွက်ခဲ့ပေမယ့် Min Yoongi ရဲ့ အခက်အခဲတွေဟာ ကုန်ဆုံးသွားပုံမရသေးပါဘူး။ BTS အဖွဲ့ဟာ ပွဲထွက်အပြီးမှာ အခက်အခဲတွေ အများကြီးနဲ့ ရုန်းကန်ခဲ့ရပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း သိပ်မရခဲ့ပါဘူး။ ဒါကြောင့် BTS အဖွဲ့ဝင် (၇)ယောက်ဟာ တိုက်အိုလေးတစ်လုံးထဲက အခန်းတစ်ခန်းထဲမှာ စုပေါင်း အိပ်ခဲ့ရပါတယ်။

၂၀၁၃ ခုနှစ်အကုန်မှာတော့ BTS အဖွဲ့ဟာ အောင်မြင်မှုတွေ အနည်းအကျဉ်းရရှိခဲ့ပါတယ်။ ဒါပေမဲ့ ပရိသတ် တွေဟာ BTS ကို သိပ်ပြီးစိတ်မဝင်စားကြသေးပါဘူး။ ၂၀၁၅ခုနှစ်မှာတော့ BTS အဖွဲ့ဟာ “I Need You” ဆိုတဲ့ သီချင်းကို ထုတ်ဝေခဲ့ပြီး အဲဒီသီချင်းနဲ့အတူ သူတို့ဟာ Music Show တွေမှာ ပထမဆုံးဆုကို ရယူနိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူတို့ရဲ့ ကြိုးစားမှုတွေနဲ့ ရင်းနှီးထားတဲ့ မျက်ရည်၊ ချွေးစက်တွေဟာ အောင်မြင်မှုအဖြစ် ပြောင်းလာခဲ့ပြီး ၂၀၁၆၊ ၂၀၁၇ ၊ ၂၀၁၈ ခုနှစ်တွေမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်အောင်မြင်လာခဲ့ပြီး K-Pop ကို တစ်ကမ္ဘာလုံးသိအောင် ချပြနိုင်ခဲ့သလို အမေရိကမှာလည်း ဘယ် K-Pop အဖွဲ့မှမရဖူးတဲ့ အောင်မြင်မှုတွေကို စံချိန်တင် ရယူနိုင်ခဲ့ပါတယ်။

Suga ဟာ BTS အဖွဲ့နဲ့အတူတောက်ပလာခဲ့ပြီး ဒီနေ့မှာတော့ သူဟာ လူငယ်များစွာက အတုယူလေးစားရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပါပြီ။ ဘယ်လောက် အခက်အခဲတွေရှိပါစေ အိပ်မက်တစ်ခုကို နောက်မဆုတ်ဘဲ လိုက်ခဲ့မယ်ဆိုရင် အဆုံးမှာ အောင်မြင်မှုတွေ ရမယ်ဆိုတာကို Suga က သက်သေပြသနိုင်ခဲ့ပါတယ်။ Suga ဟာ သူရေးတဲ့ သီချင်းစာသားတွေမှာ လူငယ်တွေကို အားပေးတဲ့စာသားတွေ ထည့်ရေးလေ့ရှိပြီး လက်ရှိအချိန်မှာတော့ BTS အဖွဲ့နဲ့ အတူ အောင်မြင်တဲ့သီချင်းတွေကို ထပ်မံထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်။

— Cj
via Koreaboo

You cannot copy content of this page