– – – အစတုန်းက တကယ်မဟုတ်လောက်ဘူးလို့ ထင်ထားပေမဲ့ အေဂျင်စီက အတည်ပြုထားတာပါ။ ကလေးဘဝကတည်းက အောင်မြင်ခဲ့တဲ့ မင်းသမီးလေး Kim Sae Ron ဘာလို့ ငွေကြေးအခက်အခဲ တွေ့နေရတာပါလဲ။
နိုဝင်ဘာလအစောပိုင်းမှာ YouTuber က သူ့ရဲ့ YouTube မှာ ဗီဒီယိုတင်ကာ နာမည်ကျော် သရုပ်ဆောင်မင်းသမီးလေး Kim Sae Ron တစ်ယောက် ကော်ဖီဆိုင်တစ်ခုမှာ part-time လုပ်နေကြောင်း တင်ခဲ့ပါတယ်။
သူက အဲဒီဗီဒီယိုမှာ Kim Sae Ron အနေနဲ့ part-time လုပ်နေတာ မဟုတ်လောက်ဘူးလို့ အစက ထင်မှတ်ခဲ့ကြောင်း ပြောပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ မင်းသမီးလေးဟာ လျော်ကြေးတွေ ပေးဖို့အတွက် part-time လုပ်နေတာ တကယ်ဖြစ်တယ်လို့ ဆိုခဲ့တာပါ။
အဲဒီဗီဒီယို တက်လာပြီး နောက်တစ်ရက်မှာပဲ မင်းသမီး Kim Sae Ron ရဲ့ အေဂျင်စီ GOLDMEDALIST က ကိုယ်စားလှယ်တစ်ဦးက Kim Sae Ron part-time လုပ်နေတာ အမှန်ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ သူက “Kim Sae Ron ဟာ ငွေကြေးအခက်အခဲကြောင့် သူမရဲ့ အချိန်တချို့ကို ကော်ဖီဆိုင်မှာ part-time လုပ်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
မင်းသမီး Kim Sae Ron ဟာ မေလ (၁၈) ရက်က အရက်မူးပြီး ကားမောင်းလို့ ရဲတွေရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရသလို ကိုရီယားပြည်သူတွေရဲ့ ရှုတ်ချခြင်းခံခဲ့ရတာကြောင့် ပြန်လည်တောင်းပန်ခဲ့ရပါတယ်။ ပိုဆိုးတာက အဲဒီဖြစ်ရပ်ကြောင့် အနုပညာ၊ စပွန်ဆာ၊ ကြော်ငြာတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေအရ ကုမ္ပဏီတွေကို များပြားတဲ့ လျော်ကြေးတွေ ပေးခဲ့ရတာပါ။
ဒါကြောင့် Kim Sae Ron ရဲ့ ငွေကြေးပိုင်းဟာ ကြီးမားလှတဲ့ လျော်ကြေးတွေကြောင့် ဆိုးဆိုးရွားရွား ထိခိုက်သွားခဲ့ပြီး ငွေကြေးအခက်အခဲကို တစ်ဖက်တစ်လမ်းက ဖြေရှင်းဖို့ ကော်ဖီဆိုင်မှာ part-time လုပ်နေတာ ဖြစ်ပါတယ်။ သူဟာ အဲဒီအမှုဖြစ်ပြီးကတည်းက အနုပညာအလုပ်တွေကိုလည်း ရပ်နားထားရပါတယ်။
Ref: Allkpop