K pop

■ IU ပြောပြတဲ့ သူမရဲ့ငယ်ဘဝအကြောင်း

“အခိုက်အတန့်တွေက ယာယီလောက်ပဲ။ သတိရစရာတွေကတော့ ထာဝရပါ။ ဒါပေမဲ့ အမှန်တရားဆိုတာကတော့ နှလုံးသားထဲမှာ အမြဲကိန်းအောင်းနေတဲ့ အရာဖြစ်ပါတယ်”

IU
သူမရဲ့ စွဲမက်ဖွယ်အသံ၊ လက်ဖျားခါလောက်တဲ့ သီချင်းရေးစွမ်းရည်၊ ဘယ်သူမှ မငြင်းနိုင်တဲ့ ချစ်စရာအပြုအမူလေးတွေ …။ ဒါတွေက ဘယ်အသက်အရွယ်ကိုမဆို ဆွဲဆောင်နိုင်စွမ်းရှိတယ်။ ဒီလို အရည်အချင်းတွေနဲ့ IU ကို ဘယ်သူမဆို ချစ်ကြတာချည်းပါပဲ။ ဒါပေမဲ့ IU မှာ အဲဒီအရာတွေထက် ချစ်စရာ ပိုကောင်းတဲ့အရာတွေ ရှိနေပါသေးတယ်။

သူမရဲ့ အသံ၊ ချစ်စရာကောင်းတဲ့ သီချင်းတွေက Uaenas (IU ၏ Official Fan Club အမည်) ရင်ထဲကို စိမ့်ဝင်နေပါတယ်။ ဒါ့အပြင် Concert တွေမှာ သူမရဲ့ ငယ်ဘဝအကြောင်းတွေကို IU ဖွင့်ဟခဲ့တဲ့အခါမှာတော့ ပရိသတ်တွေရဲ့ IU အပေါ် ချစ်စိတ်ဟာ ပိုမိုနက်ရှိုင်းလာခဲ့ပါတယ်။

ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ငယ်ဘဝဟာ မုန်တိုင်းတွေအပြည့်နဲ့ပါ။ လောကဓံရဲ့ အထုအထောင်းကို ခံခဲ့ရတာ ဒီကောင်မလေးမှ ဟုတ်ရဲ့လားလို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ IU ဟာ အခန်းထောင့်မှ မျက်ရည်တွေ ကြွေကျရင်း၊ သောကတွေကို ရင်ဝယ်ပိုက်ရင်း အရွယ်ရောက်လာတဲ့ ကောင်မလေးတစ်ယောက် ဖြစ်တယ်ဆိုတာ သူမရဲ့ ရိုးသားစွာဖွင့်ဟဝန်ခံတဲ့ စကားတွေက သက်သေခံနေပါတယ်။

“ကျွန်မငယ်ငယ်တုန်းက လုံလောက်တဲ့ ချစ်ခြင်းမေတ္တာကို ရရှိခဲ့ပေမယ့် ကျွန်မကို မုန်းတဲ့၊ မေတ္တာမရှိတဲ့ လူတွေကိုပဲ ပိုပြီးတွေးနေတတ်တယ်။ ဒါကြောင့် သီချင်းတွေရေးတဲ့အခါ စာသားတွေက ပြင်းရှပြီး အဆိုးဘက်ကို အများဆုံး ဦးတည်ခဲ့ပါတယ်။ အခုတော့ ကျွန်မ ပြောင်းလဲနိုင်ခဲ့ပါပြီ” လို့ IU က ဆိုပါတယ်။

အရင်တုန်းက ကိုယ့်ကိုယ် မုန်းတဲ့လူတွေအကြောင်း စဉ်းစားရင်း အိပ်မပျော်ဖြစ်ခဲ့ရတဲ့ IU ဟာ အခုအချိန်မှာတော့ အမုန်းတရားတွေထက် ချစ်ခြင်းမေတ္တာတွေကို ပိုအလေးထားတတ်လာပါပြီ။ နောက်ထုတ်မယ့် သီချင်းတွေမှာ အဲဒီအကြောင်းတွေကို ရေးချင်တယ်လို့ IU က ဆိုပါတယ်။

IU က “အခုတော့ ကျွန်မကို မုန်းတဲ့လူတွေထက် ချစ်တဲ့လူတွေကို ပိုအလေးထားတတ်လာပါပြီ။ အခုလို ကျွန်မကို ချစ်တဲ့ ပရိသတ်တွေနဲ့ တွေ့ရတာကို ကျွန်မ အရမ်းပျော်တတ်နေပါပြီ။ အဲဒီအကြောင်းတွေကို သီချင်းတွေ ရေးချင်ပါတယ်”လို့ ဆိုပါတယ်။

ပရိသတ်တွေရဲ့ အချစ်တွေကြောင့် IU ဟာ သူမကိုယ် သူမပြောင်းလဲနိုင်ခဲ့ပြီလို့ ဆိုပါတယ်။ ပြီးတော့ အနာဂတ်မှာ သူမရဲ့ ခံစားချက်တွေအကြောင်းကို ရေးဖွဲ့မယ့် သီချင်းလေးတွေကို ပရိသတ်တွေ နားထောင်ပေးကြဖို့ သူမရဲ့ ပရိသတ်တွေကို တောင်းဆိုထားပါတယ်။

– Cj
via Koreaboo

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page