K pop

■ ကောင်မလေးတစ်ယောက် ပြောပြတဲ့ Jungkook ပုံပြင်

– – – Jungkook နဲ့ အမှတ်မထင်တွေ့ဆုံမှုက အခုတော့ သူမဘဝရဲ့ချစ်စရာအကောင်းဆုံး အမှတ်တရ ဖြစ်လာခဲ့ …

ကံကောင်းလွန်းတဲ့ ARMY တစ်ဦးဟာ အားလပ်ရက်အနားယူနေတဲ့ BTS ရဲ့ အငယ်ဆုံးလေး Jungkook ဆုံတွေ့ခွင့်ရခဲ့ပါတယ်။ အဲဒီအကြောင်းကို သူမက တခြား ARMY တွေအတွက် မျှဝေခဲ့တာပါ။ ကိုရီးယား ARMY မလေးတစ်ဦးဟာ ဘူဆန်က စားသောက်ဆိုင်တစ်ဆိုင်ကို သွားရောက်ခဲ့ပါတယ်။ အဲဒီဆိုင်က Jungkook စားသောက်ဖူးတဲ့ဆိုင်ဖြစ်ပြီး သူ့ရဲ့လက်မှတ်လည်းရှိနေလို့ အဲဒီဆိုင်ကို ARMY တွေ လာရောက်စားသောက်လေ့ရှိတယ်လို့ ဆိုပါတယ်။

အဲဒီကောင်မလေးနဲ့ သူ့အဖော်တွေ ဆိုင်ကိုရောက်သွားချိန်မှာ ဆိုင်ထဲမှာ သူတို့အပါအဝင် စားသုံးသူ သုံးဝိုင်းပဲ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ တစ်ဝိုင်းက ARMY မလေးနဲ့ သူ့သူငယ်ချင်းတွေ၊ နောက်တစ်ဝိုင်းက အသက် (၄၀) ဝန်းကျင် အမျိုးသမီးတစ်ဦးနဲ့ သူသားလေး (အဲဒီအမျိုးသမီးကလည်း ARMY ပါပဲတဲ့)၊ နောက်တစ်ဝိုင်းက Jungkook ပါ။

ခဏအကြာမှာပဲ ARMY မလေးနဲ့ သူ့သူငယ်ချင်းတွေဟာ Jungkook ကို မှတ်မိသွားခဲ့ပြီး သန့်စင်ခန်းသွားသလိုနဲ့ သူမသိအောင် ချောင်းကြည့်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီမှာ အသက် (၄၀) ဝန်းကျင် အမျိုးသမီးကလည်း သိသွားပြီး Jungkook ဆီက လက်မှတ်လေးများ ရနိုင်မလားဆိုပြီး ဆိုင်ရှင်ကို မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ (သတိချပ်ရန် – Jungkook အပန်းဖြေချိန်ဖြစ်သည့်အတွက် ပရိသတ်များက လက်မှတ်ရရန် ကိုယ်တိုင်အတင်းသွားတောင်းခြင်းမရှိပါ။ လူတစ်ဦး၏ Privacy ကို အလေးထားခြင်း ဖြစ်သည်)

ဆိုင်ရှင်က အဲဒီအကြောင်း Jungkook ကို ပြောလိုက်တဲ့အခါမှာတော့ Jungkook ဟာ ပရိသတ်တွေဆီ လိုလိုလားလားနဲ့ လက်မှတ်ထိုးပေးဖို့ သဘောတူခဲ့ပြီး ပြုံးရွှင်စွာနဲ့ လာခဲ့တယ်လို့ ဆိုပါတယ်။ ကလေးနဲ့ အမျိုးသမီးကို အရင်လက်မှတ်ထိုးပေးပြီး ကံကောင်းတဲ့ ဒီပုံပြင်ရဲ့ပိုင်ရှင် ကောင်မလေးနဲ့ သူမရဲ့သူငယ်ချင်းတွေဆီကိုပါ Jungkook ရောက်လာခဲ့ပါတယ်။

ပြီးတော့ Jungkook က သူတို့ကို နာမည်မေးပါတယ်။ ဒါပေမဲ့ အားလပ်ရက် အပန်းဖြေနေတဲ့ Jungkook ဆီက လက်မှတ်တောင်းရတာ အားနာပြီး သူတို့မပြောကြပါဘူးတဲ့။ အဲဒီအချိန်မှာ Jungkook က သူအနေနဲ့ အချိန်သိပ်မရလို့ မြန်မြန် ပြောဖို့ တောင်းဆိုခဲ့ပါတယ်တဲ့။ အဲဒီနောက်မှာတော့ Jungkook က အဲဒီကောင်မလေးနဲ့ သူမရဲ့သူငယ်ချင်းတွေကို လက်မှတ်ထိုးပေးခဲ့ပါတယ်။

Jungkook လက်မှတ်လည်း ရပြီးရော သူတို့ဟာ စိတ်လှုပ်ရှားပြီး တခြား ARMY တွေလိုပဲ ငိုခဲ့ကြသေးတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာ ကလေးအမေ ARMY အမျိုးသမီးက Jungkook ကို လက်ဆွဲနှုတ်ဆက်ဖို့ တောင်းဆိုခဲ့ပြီး Jungkook က သူမရဲ့ တောင်းဆိုချက်ကို လိုက်လျောကာ လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Jungkook ဟာ ကားနဲ့ စားသောက်ဆိုင်က ထွက်သွားပြီး ARMY တွေက ကျန်းမာပါစေလို့ အော်ဟစ်ပြီး ဆုတောင်းပေးတဲ့အခါ သူတို့ကို ပြန်ပြီးလက်ပြနှုတ်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။

Jungkook ဟာ အဲဒီနေ့က ကံကောင်းခဲ့တဲ့ ARMY တွေကို ကြင်နာစွာဆက်ဆံခဲ့ရုံမျှမက သူရဲ့ ညာဘက်လက်မှာ ARMY ဆိုတဲ့ ယာယီတက်တူးလေးကိုတောင် ထိုးထားသေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီကောင်မလေးရဲ့ ပြောပြချက်အရ Jungkook က အဲဒီဆိုင်က အစားအသောက်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ လက်မှတ်အသစ်ထိုးပေးခဲ့တယ်လို့လည်း သိရပါတယ်။

BTS ရဲ့ Golden Maknae လေးဟာ သူရဲ့ Golden Heart ကို ပြသတာခဲ့တာလည်း ဖြစ်ပါတယ်။

– ဃဲ
via Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page