K pop

■ ထာဝရ ပြုံးနေမဲ့ အပျော်ဗိုင်းရပ်စ်

— – – ကျန်းမာတဲ့သွားများ ပိုင်ဆိုင်သူ၊ အပျော်ဗိုင်းရပ်စ်ဆိုတဲ့ စကားလုံးတွေက Chanyeol ရဲ့ နာမည်ပြောင်တွေပါ။

အဲဒီလိုပေးရအောင်လည်း Chanyeol က အမြဲပြုံးနေတတ်သူ ဖြစ်တယ်။ အရပ် (၆)ပေ (၁)လက်မအထိ ရှည်သလို Chanyeol စိတ်လည်း အင်မတန်ရှည်သူ ဖြစ်ပါတယ်။ မွေးနေ့က ၁၉၉၂ ခုနှစ်၊ နိုဝင်ဘာ ၂၇ ပါ။

Chanyeol က သူဟာ လွယ်လွယ်နဲ့ စိတ်မတိုတတ်ဘူးလို့ ဆိုထားပေမယ့် ပျောက်သွားတဲ့အရာတွေကို ပြန်ရှာရတဲ့အချိန်မှာတော့ အလိုလိုဒေါသထွက်ကာ စိတ်တိုတတ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ပျောက်သွားတဲ့အရာကို ပြန်ရှာတွေ့ချိန်မှာတော့ အလိုလိုပျော်ရွှင်လာတတ်တယ်လို့လည်း သူက ဆိုပါတယ်။ မျက်လုံးဖွင့်ပြီး အိပ်တတ်တဲ့ Chanyeol အတွက် ဒီလောက်အပြောင်းအလဲကတော့ မဆိုးဘူးလို့ပဲ ဆိုရမလား။

SM နဲ့ ၂၀၀၈ ခုနှစ်မှာ စာချုပ်ချုပ်ခဲ့တာဖြစ်ပြီး သီချင်းရေးတာ၊ သီချင်းသံစဉ်အတိုင်း လက်နဲ့ လိုက်တာတွေက သူ့ရဲ့ ဝါသနာဖြစ်ပါတယ်။

Chanyeol က ခင်ဗျားတို့ ပျင်းနေတယ်ဆိုရင် ကျွန်တော်နဲ့ စကားလာပြောပါ။ ထူးဆန်းတာကို ခင်ဗျားတို့ တွေ့ရမယ်လို့ ဆိုပါတယ်။ (ပျင်းရင် သွားပြောကြပေါ့) သူက အခု EXO အဖွဲ့အသုံးပြုနေတဲ့ Logo ကို ရေးဆွဲခဲ့သူလည်း ဖြစ်ပါတယ်။

Chanyeol က သီချင်းရေးတာကို ဝါသနာပါပြီး Jason Mraz နဲ့ Eminem က သူ့ရဲ့ Idol တွေဖြစ်ကာ 2NE1 အဖွဲ့ဝင်ဟောင်း မမ Dara ရဲ့ အကြီးစား Fan ပါတဲ့ဗျာ။

ပရဟိတအလုပ်တွေကို ဝါသနာပါတဲ့ Chanyeol ဟာ EXO မှာ လူကောင်အကြီးဆုံးဖြစ်ပြီး အမြဲလိုလို ပြုံးနေတတ်ပေမယ့် အငိုသန်ဆုံးလူသားကလည်း သူပဲဖြစ်တယ်လို့ ဝန်ခံထားပါတယ်။

Chanyeol ဟာ ဇာတ်လမ်းတွဲများစွာမှာ သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့သလို သူဆိုတဲ့ ဇာတ်ဝင်တေး (OST)တွေဟာလည်း အတော်လေးပေါက်ခဲ့ပါတယ်။ Chanyeol မှာ အမတစ်ယောက်ရှိပြီး သတင်းတင်ဆက်သူအဖြစ် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

အချစ်ရေးနဲ့ ပတ်သက်လို့ Chanyeol က သူ့အတွက် ရုပ်ရည်က အဓိကမကျပါဘူးလို့ ဆိုထားပြီး သူနဲ့ ဂီတကို နှစ်သက်ပုံချင်းတူကာ ရိုးသားတဲ့ မိန်းကလေးမျိုးကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ချင်တယ်လို့ ဆိုထားပါတယ်။

Chanyeol အကြောင်းကို ဒီလောက်နဲ့ပဲ ကျေနပ်နိုင်မယ် ထင်ပါတယ်။ Next In ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ စာဖတ်သူတွေတစ်ခုခုရရှိစေရေးအတွက် Chanyeol ရဲ့ ပြောစကား (၅)ခွန်းနဲ့ အဆုံးသတ်ထားပြီး ဘဝအတွက် အသိတစ်ခုရသွားကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Chanyeol ရဲ့ ဘဝခံယူချက်နဲ့ အမြင်တွေကတော့ . . .

– ဘယ်လောက်ပဲ ခက်ခဲတဲ့အရာနဲ့ တွေ့တွေ့ ကျွန်တော်အနေနဲ့ အကောင်းကိုပဲ တွေးမှာဖြစ်ပြီး အရူးတစ်ယောက်လို ကျွန်တော် ပြုံးနေမှာပါ။

– မင်းအနေနဲ့ ဘဝမှာ တစ်ခုခုကို အောင်မြင်ချင်ပြီဆိုရင် အဲဒီနောက်ကို တောက်လျှောက်လိုက်ပါ။ လုံးဝလက်လွှတ်မခံပါနဲ့။ တစ်ချိန်တည်းမှာပဲ ကိုယ့်ကိုယ်ကိုယ်ကို ကာယပိုင်းရော ဉာဏပိုင်းမှာ ကြံ့ခိုင်အောင် နေပါ။

– ကျွန်တော်က လူတွေကို ပျော်စေချင်တယ်။ ဒါကြောင့် အဲလိုဖြစ်အောင် ကျွန်တော် ကြိုးစားပါတယ်။ ကျွန်တော့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်နေတယ်ဆိုရင် အခြားလူတွေကိုလည်း ပျော်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

– ကျွန်တော့်ကိုယ် ကျွန်တော် ဖိအားပေးလေ့ရှိတယ်။ ဘာလို့လဲဆိုတော့ အစွမ်းကုန်ကြိုးစားဖို့နဲ့ လုပ်တဲ့အရာတိုင်းမှာ အကောင်းဆုံးဖြစ်ဖို့အတွက်ပါ။

– ကျွန်တော်ကတော့ ဘယ်အရာမှမဆို အသစ်တွေကို ကြိုဆိုတယ်။ အသစ်တွေကို ကြိုးစားကြည့်ရတာ ကျွန်တော် နှစ်သက်တယ်။

– Cj
via Internet & Photos Credits.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page