Articles

■ Rosé ရဲ့ Solo လေးတောင် မြင်သွားခွင့်မရရှာတဲ့ သူရဲကောင်းတစ်ဦး

— – – နိုင်ငံသားတစ်ဦးရဲ့ တာဝန်ကို အလွန်ကျေပွန်ခဲ့ပြီး သူရဲကောင်းတစ်ဦးဖြစ်ခဲ့ပေမဲ့ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ ဆယ်ကျော်သက်အရွယ် ရတနာပုံကျောင်းသားလေးမှာ Rosé နဲ့ ပတ်သက်တဲ့ တိတ်တခိုးအိပ်မက်လေး …

၂၀၂၁ မတ်လ (၁၁) ရက်၊ နံနက်ပိုင်းက မန္တလေးမှာ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ရဲ့ လက်ချက်ကြောင့် အသက် (၁၉)နှစ်အရွယ်ရှိ ရတနာပုံတက္ကသိုလ်က ဘူမိဗေဒ ဒုတိယနှစ်ကျောင်းသား ကိုလင်းထက် အသက်ဆုံးရှုံးခဲ့ရကြောင်း Students’ Union – ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက အတည်ပြုခဲ့ပါတယ်။

မတ်လ (၁၁)ရက်က နွေဦးတော်လှန်ရေးမှာ အသက်ပေးခဲ့တဲ့ ကိုလင်းထက်ဟာ အဲဒီနေ့က မြတောင်သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့ပြီး ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ Mizzima – News in Burmese က ဖော်ပြခဲ့ပါတယ်။

GZ တစ်ဦးဖြစ်တဲ့ ကိုလင်းထက်ဟာ နွေဦးတော်လှန်ရေးမှာ မတရားမှုအတွက် ရှေ့တန်းက တိုက်ခိုက်ခဲ့သူဖြစ်ပြီး သူဟာ K-Pop ကို နှစ်သက်တဲ့ အထူးသဖြင့် BLACKPINK အဖွဲ့ကို Rosé ရဲ့ Bias တစ်ယောက်ဆိုတာကို သူ့ရဲ့ မက်ဆေ့ချ်တွေ၊ Comment တွေအရ သိရပါတယ်။

အာဏာသိမ်းမှုမတိုင်ခင်က ကိုလင်းထက်ရဲ့ အိပ်မက်ဟာ ပေါ့ပေါ့ပါးပါးနဲ့ ငြိမ်းငြိမ်းချမ်းချမ်းပါပဲ။ BLACKPINK Lightstick Version (၂) ပိုင်ဆိုင်ဖို့နဲ့ Rosé ရဲ့ Solo Album ကို ဝယ်ပြီး အားပေးဖို့ပါပဲ။

ဒါပေမဲ့ ကိုလင်းထက်ရဲ့ အိပ်မက်တွေဟာ ဖြစ်မလာခဲ့ပါဘူး။ Rosé ကို ချစ်လှပါတယ်ဆိုတဲ့ ကိုလင်းထက်ဟာ Rosé ရဲ့ Solo Debut မတိုင်ခင် တစ်ရက်အလိုမှာပဲ နွေဦးတော်လှန်ရေးမှာ အသက်ပေးခဲ့ရတာ ဖြစ်ပါတယ်။

ကိုလင်းထက်ဟာ Rosé ရဲ့ Solo သီချင်းလေးကိုတောင် ခံစားခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့ ကိုလင်းထက်ဟာ ပြည်သူတွေအတွက် သူရဲကောင်းဖြစ်ခဲ့ပါတယ်။ ကိုလင်းထက်အနေနဲ့ ကောင်းကင်ဘုံတစ်နေရာကနေ ဒီနေ့ထွက်မယ့် Rosé ရဲ့ Solo ကို အားပေးမယ်လို့ မျှော်လင့်ပါတယ်။ ကိုလင်းထက်ဟာ ဒီမိုကရေစီပြန်လည်ရရှိရေးတိုက်ပွဲမှာ အာဇာနည်အဖြစ် မှတ်တမ်းရေးနိုင်ခဲ့သူဖြစ်ပြီး ဘဝတစ်ခုမှာ ငြိမ်းချမ်းမှုအပြည့်ရဖို့ ဆုတောင်းလိုက်ပါတယ်။

Next In

You cannot copy content of this page