K pop

■ ကံဆိုးလို့ အမည်ရင်းကို ပြောင်းလဲခဲ့ရတဲ့ နာမည်ကျော် K-Pop Idol များ

— – – သူတို့နဲ့ ဘယ်နာမည်က ပိုပြီးလိုက်ဖက်ပါသလဲ ? ဘယ်လိုအကြောင်းတွေကြောင့် သူတို့ရဲ့ အမည်ရင်းတွေကို ပြောင်းလဲခဲ့ရတာလဲ …

မိဘတော်တော်များများက သူတို့ရဲ့ ကလေးတွေကို လှပတဲ့ နာမည်လေးတွေ ဒါမှမဟုတ် မျိုးရိုး၊ သူတို့အမည်ပါတဲ့ နာမည်လေးတွေကို ရွေးချယ်ပြီး ပေးအပ်လေ့ရှိကြပါတယ်။ ဒီ Idol တွေကတော့ ကံဆိုးလို့ အမည်ရင်းတွေကို ပြောင်းလဲခဲ့ရပါသတဲ့။

Lisa (BLACKPINK)


Lalisa Manoban လို့ ခေါ်တဲ့ Lisa ရဲ့ တကယ့်မွေးနာမည်ကတော့ Pranpriya Manoban ဖြစ်ပါတယ်။ Pranpriya ဆိုတာ ထိုင်းမှာတော့ အချစ်ခံလူသားလေးလို့ အဓိပ္ပာယ်ရပါတယ်။ Pranpriya ဆိုတဲ့ နာမည်လေးက လှပေမဲ့ ဗေဒင်ဆရာတွေက အဲဒီနာမည်က ကံဆိုးမှုတွေကို ယူလာလိမ့်မယ်လို့ ဟောခဲ့တာကြောင့် Lisa ရဲ့ မိခင်ဟာ သမီးဖြစ်သူကို Pranpriya အစား Lalisa လို့ ပြောင်းလဲခဲ့ပါတယ်။ Lalisa ဆိုတာကတော့ ထိုင်းလို ဂုဏ်ယူဖွယ်ကောင်းသူလို့ အဓိပ္ပာယ် ရပါတယ်။

Joohoney (MONSTA X)


MONSTA X အဖွဲ့ဝင် Joohoney ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်ကမှာ လက်ရှိအင်္ဂလိပ်နာမည်ကို ပြောင်းခဲ့တာပါ။ သူ့ရဲ့နာမည်အရင်းက Joo Heon ဖြစ်ပါတယ်။ လူတွေ သိပ်မသိကြပေမဲ့ Joohoney ဟာ သူ့ရဲ့တရားဝင်အမည်ကို အကြိမ်ကြိမ်ပြောင်းလဲခဲ့ပါတယ်။ Joohoney ရဲ့ မွေးနာမည်က Lee Ho Joon ဖြစ်ပြီး အဲဒီနာမည်က ကံဆိုးတယ်လို့ ခံစားရတာကြောင့် အလယ်တန်းကျောင်းသားဘဝမှာ Lee Ji Hwan လို့ ပြောင်းလဲခဲ့သေးတာပါ။ ဒါပေမဲ့ ဘဝင်မကျဘဲ နောက်ပိုင်းမှာတော့ Lee Joo Heon လို့ ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

Mijoo (Lovelyz)


Lovelyz အဖွဲ့ဝင် Mijoo ဟာ သိပ်မကြာခင်က ပြုလုပ်ခဲ့တဲ့ ရေဒီယိုအင်တာဗျူးတစ်ခုမှာ အသက် (၂၆)နှစ် အရွယ်ရောက်မှ တရားဝင်နာမည်ကို ပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။ Mijoo ရဲ့မွေးနာမည်က Lee Mi Joo ဖြစ်ပြီး လှပတဲ့ပုလဲလို့ အဓိပ္ပာယ်ရပါတယ်။ ဒါပေမဲ့ မိခင်ဖြစ်သူက သမီးအတွက် ဗေဒင်ကြည့်တဲ့အခါ ကံဆိုးတယ်လို့ ဟောခဲ့တာကြောင့် အသက် (၂၆)နှစ်ရောက်မှ Lee Seung Ah လို့ ပြောင်းလဲခဲ့ပါတယ်။ စတိတ်အမည်ကိုတော့ Mijoo လို့ ဆက်ခေါ်နေတုန်းပါပဲ။

Yoon Jisung (Wanna One)


မင်းသား၊ Soloist နဲ့ Wanna One အဖွဲ့ခေါင်းဆောင်ဟောင်း Yoon Jisung ဟာလည်း နာမည်ရင်းကို ကံဆိုးလို့ ပြောင်းလဲခဲ့သူပါ။ လက်ရှိ Yoon Jisung ဆိုတာက မြင့်မြတ်သောဉာဏ်ပညာလို့ အဓိပ္ပာယ် ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့မွေးနာမည်က Yoon Byeong Ok ဖြစ်ပြီး ၂၀၁၉ က အင်တာဗျူးတစ်ခုမှာ အဲဒီနာမည်က ကံမကောင်းတာကြောင့် Yoon Jisung လို့ ပြောင်းလဲတာလို့ သူက ဆိုပါတယ်။

— ဃဲ
Ref: Koreaboo

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page